DVB Logo
Home
မြန်မာသတင်း
အညာဒေသတွင် NUG  အမိန့်ပေးကွပ်ကဲမှုစနစ် ကောင်းကောင်း မဖော်ဆောင်နိုင်သေး
DVB
·
January 23, 2024
အညာဒေသတွင် NUG  အမိန့်ပေးကွပ်ကဲမှုစနစ် ကောင်းကောင်း မဖော်ဆောင်နိုင်သေး
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)အနေနဲ့ အညာဒေသက လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေမှာ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) ကောင်းကောင်း မဖော်ဆောင်နိုင်သေးဘူးလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။

အညာဒေသ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ဟာ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ စစ်ဒေသ ၁ မှာ ပါဝင်ပြီး MOD ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အများစုတည်ရှိရာ ဒေသလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု သုံးနှစ်နီးပါးရှိလာချိန် အညာဒေသမှာ NUG ရဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာတောင် အမိန့်ပေးကွပ်ကဲမှုစနစ် (COC)ကို ကောင်းကောင်းမဖော်ဆောင်နိုင်သေးဘူးလို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ဦးဆောင်သူ ကိုခန့်ဝေဖြိုးက ပြောပါတယ်။ 

“တော်လှန်ရေးနောက်တဆင့်မြှင့်ဖို့ဆိုရင် အရေအတွက်ကနေ အရည်အချင်းပုံစံပြောင်းလဲဖို့ လိုတယ်။ အဲ့ဒီအတွက် NUG ရဲ့ COC ကို အညာဒေသမှာ သေချာခိုင်ခိုင်မာမာလုပ်ဖို့ လိုတယ်။ ဖောင်းပွနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ စုဖွဲ့ဖို့ လိုမယ်။ ဒါမှပဲ NUG ရဲ့ COC က မြေပြင်မှာ ထိထိရောက်ရောက်အလုပ်ဖြစ်မယ်။ ဒါမှပဲ အလုပ်ဖြစ်တဲ့ ပုံစံကို ကြည့်ပြီး NUG ရဲ့ COC အောက် မဝင်သေးတဲ့ အဖွဲ့တွေကလည်း ဝင်ဖို့ စိတ်ဆန္ဒရှိလာမယ်လို့ မြင်ပါတယ်။”

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖြစ် စုစည်းထားရှိပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD က ကွပ်ကဲတာ ဖြစ်ပါတယ်။

အညာဒေသမှာ MOD ရဲ့ PDF အဖြစ် ကူးပြောင်းဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေ၊ သီးခြားရပ်တည်နေတဲ့ အင်အားကြီး အဖွဲ့တွေ၊ တခြားဒေသပြောက်ကျားတပ်ဖွဲ့တွေ စတဲ့  လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့  ရပ်တည်နေပါတယ်။

တခြားပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တဲ့ သက်တမ်း နုနယ်နေသေးတဲ့ အညာဒေသမှာ အမိန့်ပေးကွပ်ကဲမှုစနစ် ကောင်းကောင်း ဖော်ဆောင်နိုင်ဖို့ NUG အနေနဲ့ အောက်ခြေအထိ ဆင်းပြီး လုပ်ဆောင်နိုင်တာမျိုး မတွေ့ရသေးဘူးလို့  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“စစ်ဒေသတွေခွဲပြီးတော့ သူတို့အနေနဲ့ အမှတ် (၁) စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသဆိုပြီး အဲ့ဒီစစ်ဒေသ ကွပ်ကဲမှုအဆင့်လောက်မှာပဲ ကြည့်ရတာ NUG က ခေါင်းဆောင်တွေ ပါဝင်နိုင်တဲ့ အဆင့်ရှိတယ်။ ဒါပေမဲ့ ပြန့်ကျဲနေတဲ့ ဒေသပြောက်ကျားအဖွဲ့တွေကို စုစည်းပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေမရှိပါဘူး။”

NUG အနေနဲ့ အညာဒေသမှာ လူထုနဲ့ မြေပြင်တော်လှန်ရေးရဲဘော်တွေရဲ့ ယုံကြည်မှုရရှိထားတာက အမိန့်ပေးကွပ်ကဲမှုစနစ် (COC) ကောင်းကောင်းတည်ဆောက်နိုင်ဖို့ အားသာချက်ဖြစ်တယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးလေ့လာသူ ကိုစိုးဝင်းဆွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန် အညာဒေသမှာ မြို့သိမ်းတိုက်ပွဲတွေ၊ တော်လှန်ရေး အင်အားစုတွေရဲ့ နယ်မြေစိုးမိုးနိုင်မှုတွေ ပိုအားကောင်းလာပေမဲ့ တဖက်မှာလည်း အသွင် သဏ္ဍာန်မတူတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပွတ်တိုက်မှုတွေ အငြင်းပွားမှု တွေရှိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်နေတဲ့ ၁ဝ၂၇ စစ်ဆင်ရေး၊ ကရင်နီပြည်နယ်က ၁၁၁၁ စစ်ဆင်ရေးတွေလို အောင်မြင်မှုတွေ အညာဒေသမှာ ဖော်ဆောင်နိုင်ဖို့ဆိုရင် ဒေသတွင်းက အသွင်သဏ္ဍာန်မတူတဲ့ လက်နက်ကိုင်တော်လှန်တော်လှန်ရေးအင်အားစုတွေကို စုစည်းနိုင်ဖို့၊ မဟာမိတ်တည်ဆောက်နိုင်ဖို့၊ စစ်တပ်ပုံစံကျဖို့ လိုအပ်နေတယ်လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

အညာဒေသမှာ အမိန့်ပေးကွပ်ကဲမှုစနစ် Chain of Command ဖော်ဆောင်နိုင်မှုအခြေအနေ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုအတွင်းဝန်၊ ဦးမောင်မောင်ဆွေကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားပေးဖို့ အဆင်မပြေသေးကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

ဖူးအိအိနွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013