DVB Logo
Home
မြန်မာသတင်း
ပြည်အမှတ် ၃ စခန်းမှူး တိုက်ပွဲအတွင်း ကျဆုံး၊ အောင်ရတနာရပ်ကွက် ရာအိမ်မှူး ဓားခုတ်ခံရပြီး သေဆုံး
DVB
·
January 23, 2024
ပြည်အမှတ် ၃ စခန်းမှူး တိုက်ပွဲအတွင်း ကျဆုံး၊ အောင်ရတနာရပ်ကွက် ရာအိမ်မှူး ဓားခုတ်ခံရပြီး သေဆုံး
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ရွှေတံခါးရပ်ကွက်၊ အမှတ် ၃ နယ်မြေ ရဲစခန်းမှ စခန်းမှူး နယ်ပြောင်းတာဝန်နဲ့ ညောင်လေးပင်မြို့ကို ပြောင်းရွှေ့ခံရပြီး ရှေ့တန်းတိုက်ပွဲမှာ သေနတ်ကျည်ဆန်မှန်ပြီး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဇန်နဝါရီလအစမှာ နယ်ပြောင်းတာဝန်နဲ့ ညောင်လေးပင်မြို့ကို ပြောင်းရွှေ့ခဲ့ရပြီး ရှေ့တန်းတိုက်ပွဲ တနေရာမှာ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “နယ်ပြောင်းတာဝန်ကျတာက ကြာပြီ။ အခုလထဲမှ မဖြစ်မနေ ပြောင်းလိုက်ရတာ။ အလောင်းကို တိုက်ပွဲအတွင်းကနေ ခက်ခက်ခဲခဲနဲ့ ပြန်သယ်ခဲ့ရတယ်။ အလောင်းက ရုပ်ပျက်နေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အသက် ၅၂ နှစ်အရွယ် စခန်းမှူး ဟန်သိန်းဟာ ပြောင်းရွှေ့ခံရပြီး တပတ်ခန့်အကြာ ညောင်လေးပင်မြို့နယ်အတွင်း တိုက်ပွဲတခုမှာ ‌သေနတ်ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးရုပ်အလောင်းကို စခန်းမှူးနေထိုင်ရာ ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်ကို ယူဆောင်လာပြီး နာရေးကို ဇန်နဝါရီ ၂၃ ရက် မွန်းတည့် ၁၂ နာရီက အေးငြိမ်းရာသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်မြို့၊ ခေတ္တရာမြို့သစ်နယ်မြေ၊ ရွှေလင်ပန်းဘုရားအနီး၊ အောင်ရတနာရပ်ကွက်က ရာအိမ်မှူး အဘိုးအို ဓားနဲ့ခုတ်ခံရတာကြောင့် နေရာတင် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက် ည ၉ နာရီလောက်က လင်မယားချင်းရန်ဖြစ်လို့ လာရောက်တိုင်ကြားတာကို ရာအိမ်မှူးက အမျိုးသားဖြစ်သူအား ဆဲဆို ဒဏ်ကြေးရိုက်ခဲ့တာကြောင့် အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

မြို့ခံတဦးက “အဘိုးကြီးက(ရာအိမ်မှူး) ရပ်ကွက်ထဲမှာ ပြဿနာတက်တာနဲ့ ဒဏ်ရိုက်တယ်၊ ပိုက်ဆံတောင်းတာပေါ့ဗျာ။ ပြဿနာက ကြီးကြီးမားမားလည်း မဟုတ်ပါဘူး။ ပိုက်ဆံပေးရတာထက် ဆဲဆိုတော့ ကောင်လေးက တနေကုန် အရက်တိုက်ပြီး ညဘက်ကျမှ ဓားနဲ့ခုတ်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဓားခုတ်ခံရမှုကြောင့် အသက် ၇၀ အရွယ် ရာအိမ်စုမှူး ဦးကြင်ပွား မျက်နှာပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး တရားခံဖြစ်သူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

သေဆုံးရုပ်အလောင်းကို မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ ပါရမီအသင်းက ပြည်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013