
ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား အလီမော့ဗ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး တက်ဖို့ အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့ဘူးလို့ ရုရှားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဗာစီလီနီဘန်ဇီယာက မေ ၂၆ ရက်မှာ ပြောပါတယ်။
ကုလသမဂ္ဂဌာနချုပ် သဘောတူညီချက်အရ အမေရိကန်က သူ့ရဲ့ တာဝန်ဝတ္တရားတွေကို ချိုးဖောက်တာလို့လည်း သူက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်တဲ့ အဖွဲ့ဝင် ၁၅ ယောက်ပါတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို အလီမော့ဗ်က တက်ဖို့ ရည်ရွယ်ထားတယ်လို့လည်း နီဘန်ဇီယာက မှတ်ချက်ပြုခဲ့ပါတယ်။
နီဘန်ဇီယာရဲ့ ကြေညာချက်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အမေရိကန် နိုင်ငံခြားရေးဌာနက ချက်ချင်း မတုံ့ပြန်ပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေးမှာ ကုလသမဂ္ဂနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ကြီးကြပ်တဲ့ ရုရှားဖက်ဒရေးရှင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား အလီမော့ဗ်ရဲ့ အဆင့်နဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့က ကိုယ်စားပြုသင့်တယ်လို့ နီဘန်ဇီယာက ပြောပါတယ်။
“ဒါပေမဲ့ အမေရိကန်ဘက်က သူ့ကို ဗီဇာထုတ်ပေးဖို့ ကျနော်တို့က ဖျောင်းဖျဖို့ ကြိုးစားခဲ့ပေမဲ့ ဗီဇာကို နောက်ဆုံးမှာ ခွင့်မပြုပေးခဲ့ဘူး” လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
ကုလသမဂ္ဂဌာနချုပ် သဘောတူညီချက်အရ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ဆီ ဝင်ရောက်ခွင့်ကို အဖွဲ့ဝင်နိုင်ငံ အားလုံးက အရာရှိတွေအားလုံးအတွက် ပေးအပ်ဖို့ လိုတယ်လို့ နီဘန်ဇီယာက ပြောပါတယ်။
ဒီကိစ္စကို လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တရုတ်နိုင်ငံရဲ့ တာဝန်ယူမှုနဲ့ ဒီနေ့ဆွေးနွေးနေတဲ့ အကြောင်းအရာဖြစ်တဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို မလေးမစားပြုတဲ့ ဆိုးရွားတဲ့ ဥပမာတခုအဖြစ်လည်း ရုရှားနိုင်ငံက ရှုမြင်တဲ့အကြောင်း သူက ပြောခဲ့ပါတယ်။
Source: Reuters











