
ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် အရပ်သားတယောက် သေဆုံးသွားတယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေ ဆီက သိရပါတယ်။
သေဆုံးသူမှာ လေးမျက်နှာမြို့နယ် ကက္ကူကြီးကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ချစ်ကို ဖြစ်ပြီး စက်တင်ဘာ ၃ ရက် ညနေပိုင်းက ထင်းခုတ်ဖို့ အပြင်ထွက်လာရင်း ကက္ကူကြီး ကျေးရွာအထွက် လယ်ကွင်းထဲမှာ မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးသွားတာလို့ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူက “ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာတွေနဲ့ တခါတည်း သေဆုံး သွားတာ။ မိုင်းထိသေဆုံးသူက စစ်ဘေးရှောင်တယောက်လို့ သိရတယ်။ ထင်းသွားခုတ်ရင်းနဲ့ ဖြစ်တာ” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲတဲ့နေရာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ်လောက်က စစ်အာဏာရှင်တပ်သား တွေ စစ်ကြောင်းထိုးတာ၊ လာရောက်စခန်းချတာတွေ လုပ်ခဲ့တဲ့နေရာဖြစ်ပြီး အရပ်သားတွေ ထင်းခုတ်၊ လယ်ယာလုပ်ဖို့ ဖြတ်သန်းသွားလာနေကြတဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ် ဒေသခံတယောက်က “စစ်တပ်က အဲဒီနေရာတွေမှာ မကြာခဏ စစ်ကြောင်း ထိုးနေတာ။ သူတို့ကို ရှောင်နေရတာ။ ဘာအလုပ်မှ မလုပ်ရဘူး။ တိုက်ပွဲမရှိဘူး။ စစ်တပ် သွားလာ လှုပ်ရှားတဲ့နေရာဆို မသွားတာအကောင်းဆုံးပဲ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်ဘေးရှောင်အမျိုးသားဟာ ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ လေးမျက်နှာမြို့နယ်က မိသားစုတွေဆီ စစ်ရှောင်ဖို့ ရောက်ရှိနေတာလို့ ဆိုပါတယ်။
အရပ်သားပိုင်ဆိုင်တဲ့ လယ်ယာမြေတွေထဲမှာ မိုင်းထောင် ပေါက်ကွဲတာတွေ ဖြစ်ပွားလာတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြပြီး လယ်ယာလုပ်ငန်းနဲ့ မိရိုးဖလာ ထင်းခုတ်၊ မီးသွေးဖုတ် လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။











