DVB Logo
Home
မြန်မာသတင်း
စစ်တပ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၄,၄၀၀ ကျော်ထိ ရှိလာ
DVB
·
January 22, 2024
စစ်တပ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၄,၄၀၀ ကျော်ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၄,၄၀၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၈၅၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၉၅၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၅၄၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၉ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၉၀၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ အခုနှစ် ဇန်နဝါရီလဆန်းပိုင်းက စတင်ပြီးတော့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စု ခြေလျင်တပ်ရင်းတွေ၊ လက်အောက်ခံ ရဲတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေကို မဲနှိုက်ပြီးတော့ ပြည်သူ့စစ်အတွင်း ဝင်ရောက်ဖို့ ခြိမ်းခြောက်ကာ အတင်းအဓမ္မ စုဆောင်းနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်နဲ့ နတ်တလင်းမြို့နယ်တွေက ပြည်သူ့စစ်သင်တန်းတက်ဖို့ ငြင်းဆန်တဲ့ ဒေသခံ အမျိုးသား ၁၁ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၈ တရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာကို စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက်စီးနင်းပြီးတော့ ဒေသခံပြည်သူ ၁၅ ယောက်ကို လူသားဒိုင်းအဖြစ် ရေဦးမြို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖမ်းဆီးခံရသူတွေထဲက ၅ ယောက်ကို သေဆုံးလျက် တွေ့ရှိခဲ့ပြီး ကျန် ၁၀ ယောက်ကတော့ လက်ရှိအချိန်အထိ ပျောက်ဆုံးနေတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေ၊ အဆိုပါကာလအတွင်း စစ်အုပ်စုလက်ချက်နဲ့ ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက ဖော်ပြပါ [email protected] အီးမေးလ်ဆီ တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ဖို့လည်း  အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013