DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပထမဆုံးအကြိမ်ဘွဲ့နှင်းသဘင် ကျင်းပ
DVB
·
January 22, 2024
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပထမဆုံးအကြိမ်ဘွဲ့နှင်းသဘင် ကျင်းပ
Donate to DVB

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် SSBU ( Shan State Buddhist University ) ရဲ့  ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်ကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ  တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပါတယ်။

အခမ်းအနားကို SSBU ဆီးနိတ်ဥက္ကဋ္ဌ ဒေါက်တာပညာနန္ဒက ဘုရားမီးထွန်းပူဇော်ဖွင့်လှစ်ပြီး  စီးပွားရေးပညာရှင် SSBU ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဗုဒ္ဓတက္ကသိုလ်မှ သင်ယူလေ့လာဆည်းပူးရခြင်းရဲ့ အနှစ်သာရနဲ့ တန်ဖိုး၊ မတည်ငြိမ်တဲ့ အခြေအနေ၊ မရေရာမှုနဲ့ စိန်ခေါ်မှုတွေကြား ရည်မှန်းချက်ထားရှိဖို့၊ ပီပြင်ပြတ်သားဖို့၊ စဉ်ဆက်မပြတ် လေ့လာသင်ယူဖို့၊ ဆင်ခြင်ဖို့၊ အရာရာကို သတိ ပညာနဲ့ ဆောင်ရွက်ဖို့နဲ့ မေတ္တာတရားဟာ အားလုံးကိုဖြစ်စေကြောင်း  အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက်  SSBU ပါမောက္ခချုပ် ဆရာတော် ဒေါက်တာခမ်းမိုင်ဓမ္မသာမိက ဘွဲ့ရသံဃာတော်နဲ့ လူပုဂ္ဂိုလ်တွေကို ဘွဲ့လက်မှတ်အပ်နှင်းရာမှာ သံဃာတော် ၃၉ ပါး ၊ သီလရှင် ၄ ပါး နဲ့ လူပုဂ္ဂိုလ် ၃၂  ယောက် စုစုပေါင်း ၇၅ ဦး လက်ခံရယူခဲ့ပါတယ်။

ချီးမြှင့်တဲ့ ဘွဲ့တွေထဲမှာ PhD ဘွဲ့၊ M-Phil ဘွဲ့  ၊ M.A မဟာဝိဇ္ဇာဘွဲ့ ၊ PgDip PBS ဘွဲ့ ၊ PgDip ဘွဲ့ ၊ B.A  ဝိဇ္ဇာဘွဲ့ နဲ့  ဒီပလိုမာဘွဲ့တွေ ပါဝင်ပါတယ်။

တက္ကသိုလ်တည်ထောင်ရခြင်းနဲ့ ဘွဲ့နှင်းသဘင်ကျင်းပရတဲ့အပေါ် SSBU လက်ထောက်ဌာနမှူး အရှင်ဒေါက်တာ ဒေဝိန္ဒကက “ဒီရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဟာ  ပြည်တွင်းပြည်ပက သုတေသနပညာရှင်တွေ၊ စိတ်ဝင်စားသူတွေအနေနဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ပညာရပ်တစ်ခုအနေနဲ့ နက်နက်နဲနဲ လေ့လာဆည်းပူးနိုင်ဖို့၊ ရှေးဟောင်း ပရပိုက်စာပေတွေထဲက အနှစ်သာရတွေ ထုတ်ယူအသုံးချတတ်စေဖို့၊ နိုင်ငံတကာ ဘာသာရေးဆိုင်ရာ စာအုပ်စာပေတွေ၊ ရှေးဟောင်းစာပေ ပုရပိုဒ်တွေကို ကက်တလောက်နဲ့ သိမ်းဆည်းပြီး အဖိုးတန် စာအုပ်စာပေတွေကို မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်းတတ်ဖို့ စာကြည့်တိုက်ပညာ လေ့လာတတ်မြောက်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။ မြန်မာ၊ ရှမ်း၊ ရခိုင်၊ မွန်၊ ပအိုဝ်း၊ ဓနု၊ ကယန်း အစရှိတဲ့ မြန်မာတိုင်းရင်းသားတွေအပြင် ထိုင်း၊ အိန္ဒိယ၊ ဆားဘီးယား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ တရုတ်၊ လစ်သူယေးနီးယား စတဲ့နိုင်ငံတွေက သံဃာနဲ့ လူပုဂ္ဂိုလ်တွေပါ လာရောက်လေ့လာ သင်ယူခဲ့တယ်။ ဒီကနေ့ ပထမဆုံးဘွဲ့နှင်းသဘင် ကျင်းပလာနိုင်တဲ့အပေါ် ဆရာတော်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလို ပြည်နယ်ကျက်သရေဆောင် ဗုဒ္ဓတက္ကသိုလ်ကြီး ဖြစ်မြောက်လာဖို့ ဘက်စုံအလှူရှင်တွေ၊ ပါမောက္ခနဲ့ နည်းပြဆရာတွေ၊ ကြိုးကြိုးစားစား လေ့လာဆည်းပူးခဲ့တဲ့ သင်တန်းသားအားလုံးကို ကျေးဇူးတင်တယ်”လို့ ဒီဗွီဘီကို မိန့်ကြားပါတယ်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် SSBU ကို  အင်္ဂလန်နိုင်ငံ Oxford  တက္ကသိုလ် ပါမောက္ခ ဒေါက်တာ ခမ်းမိုင်ဓမ္မသာမိက လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သင်ကြားရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။

အဆိုပါတက္ကသိုလ်မှာ ပါဠိနဲ့ ဗုဒ္ဓကျမ်းဂန်၊ ရှမ်းပုရပိုက်ရေးသားရွတ်ဖတ်နည်း၊ စာကြည့်တိုက်ပညာတွေ အဓိကထားသင်ကြားပြီး  လက်ရှိ သံဃာနဲ့ လူပုဂ္ဂိုလ် ၈၀ ကျော် ဆည်းပူး သင်ယူနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013