DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်၌ စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၄ ဦး၏ အလောင်းတွေ့ 
DVB
·
January 22, 2024
ဒီပဲယင်းမြို့နယ်၌ စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၄ ဦး၏ အလောင်းတွေ့ 
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာမှာ စစ်ကောင်စီတပ်သားတွေက ရက်ရက်စက်စက် အပိုင်းပိုင်းဖြတ်ပြီး သတ်ဖြတ်သွားခဲ့တဲ့ NUG တရားရေးအဖွဲ့ဝင် အမျိုးသမီးတယောက် အပါအဝင် ပြည်သူ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားတွေက တွေ့ရှိခဲ့ပါတယ်။

ဒီပဲယင်းနယ်၊ မဲအိုးရွာက ပြည်သူ ၆ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၁၈ ရက်မှာ ဖမ်းဆီးသွားပြီး အဲဒီအထဲက NUG တရားရေးအဖွဲ့ဝင် ဒေါ်ခင်နှင်းဌေး အပါအဝင် ပြည်သူ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီ ၁၉ ရက်နေ့က လက်ယက်ကုန်းရွာထဲမှာ တွေ့ရှိခဲ့တာလို့  ဒေသခံတွေက ပြောပါတယ်။

NUG တရားရေးအဖွဲ့ဝင်အမျိုးသမီးရဲ့ ရုပ်အလောင်းဟာ မီးရှို့ဖျက်ဆီးခံထားရပြီး အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကတော့ အပိုင်းပိုင်းအဖြတ်ခံထားရတဲ့ အနေအထားနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသား ၃ ဦးဟာ အသက် ၅၀ ကျော်အရွယ်တွေဖြစ်ပြီး အမျိုးသမီးကတော့ ၃၇ နှစ်အရွယ်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းဒေသခံတဦးက “၄ ယောက်တွေ့ပြီးတော့ ဖမ်းတာ ၆ ယောက်ဆိုတော့ ၂ ယောက် ပျောက်နေသေးတာပေါ့ဗျာ။ အဲ့ဒါကြောင့်မို့ ကျနော်တို့က လက်ယက်ကုန်းထဲကို လိုက်ရှာဖို့ သွားတဲ့အခါကျတော့ သူတို့ရွာသားတွေက မနေရဲဘူးပေါ့ဗျာ အရင်တခါလည်း ရေဦးဘက်က လက်နက်ကြီးနဲ့လှမ်းပစ်တာ မှန်ထားတာဆိုတော့လေ။ မကြည့်ရက်စရာပါဗျာ ကျနော်ဖြင့် ဘယ်လိုသုံးသပ်မိသလဲဆိုတော့ အမျိုးသား ၃ ယောက်ကတော့ဖြင့် လက်တွေ ခြေထောက်တွေ ခေါင်းတွေဖြတ်ပြီးတော့ ဒီတိုင်းတိုင်း ထားတာပေါ့ဗျာ။ မခင်နှင်းဌေးကတော့ သူ့ကို မီးရှို့ထားတာပေါ့လေ။ မခင်နှင်းဌေးက NUG ဥပဒေ တရားရေးအဖွဲ့ထဲ ပါတယ်လေ။ အဲဒီတော့ သူ့ကို မတော်မတရားပြုကျင့်ထားတာတွေ သို့တည်းမဟုတ် လှီးဖြတ်ထားတာတွေ ပေါ်မှာစိုးလို့ မီးရှို့ထားခဲ့သလားပေါ့ ကျနော် အဲဒီလို တွေးမိတယ်။ အမျိုးသားတွေကတော့‌ ခေါင်းတခြား ခြေတခြား ဟိုတစ ဒီတစ လျှောက်ကောက်ယူရတာ။”

ဇန်နဝါရီ ၁၈ ရက်နေ့က ဒီပဲယင်းနယ်ထဲကို ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ လတ်တလောမှာ ရေဦးနယ်ထဲကို ရောက်နေပြီး NUG နဲ့ဆက်စပ်သူတွေကို ပိုက်စိပ်တိုက်ရှာဖွေနေတယ်လို့ ရေဦးနယ် PDF တယောက်က ပြောပါတယ်။

အရင်က ဒီပဲယင်းမှာ ထိုင်သွားတဲ့ ရဲစခန်းမှူးဟောင်းရဲ့အကူအညီနဲ့ ဒီပဲယင်း-ရေဦးနယ်က ကျေးရွာတွေကို စစ်ကောင်စီက ညပိုင်းတွေမှာ အလစ်အငိုက်ဝင်ပြီး NUG နဲ့ဆက်စပ်သူတွေကို ရှာဖွေဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “ခလရ ၇၁ ရယ်၊ ခမရ ဘီလူးစစ်ကြောင်းခေါ်တာပေါ့ ၇၀၈။ ရေဦး အနောက်ခြမ်းဆိုရင် တိမ်းရှောင်ရတဲ့ ရွာလေးတွေက ငရုတ်တုံ၊ ကျီတော်၊ မူးဇုန်၊ ရွာမိဿာ အပါအဝင် ၄၊၅၊၆ ရွာ။ ရွာသာလေး၊ ကုက္ကိုစု ရေဦးနယ်တောင်ဘက်ခြမ်းပေါ့။ အဲဒီတော့ အားလုံးပေါင်း ၈ ရွာလောက်တော့ ပြည်သူ ၃၀၀၀ ကျော်လောက် ဘေးလွတ်ရာ တိမ်းနေကြရတယ်။ ခုထိတော့ ဒီကောင်တွေက မုတ်ဆီမှာပဲ တပ်စွဲထားတယ်။ ဒီစစ်ကြောင်းက ညဘက်တွေပဲ လှုပ်ရှားတာ။ ပြီးတော့ အခု မယ်ကုကိုဝင်တာလည်း အယောင်ပြတာက ရေဦးနယ် မြောက်ဘက်ခြမ်းကို။ မြောက်ဘက်ခြမ်းကို အယောင်ပြပြီး မြောက်ဘက်ခြမ်းကို မထွက်ဘဲနဲ့ သူက မဲအိုးကို အငိုက်ဝင်စီးလိုက်တာ။ မနက်ပိုင်းအစောဆုံး ၄ နာရီ ၅ နာရီလောက်။ သတင်းလည်း အတိအကျရလို့။ နယ်မြေကျွမ်းကျင်သလို အတွင်းသတင်းကြားရတာက အရင်တုန်းက ဒီပဲယင်းမှာ ထိုင်သွားတဲ့ စခန်းမှူးဟောင်း ပါတယ်တဲ့။ အရင်က ဒီပဲယင်းမှာ ထိုင်တော့ သူက ဝင်လမ်းထွက်လမ်းတွေက အကုန်ကျွမ်းနေပြီ ရေဦး ဒီပဲယင်းကလေ။ အဲဒီတော့ သူလည်း ပါတယ်ပေါ့လေ။ ဘေးကဒလန်တွေရဲ့ သတင်းပေးမှုတွေလည်း ပါတာပေါ့။ မဲအိုးမှာပေါ့နော်။”

လက်ယက်ကုန်းကျေးရွာဟာ ၂၀၂၂ စက်တင်ဘာ ၁၆ ရက်က စစ်ကောင်စီက စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် ၇ ဦးအပါအဝင် ကျောင်းသား ၁၂ ယောက်သေဆုံးခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။

ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနယ်တွေဟာ လက်နက်ကိုင်တော်လှန်ရေးစတင်ကတည်းက ပြည်သူ့တော်လှန်ရေးတပ်တွေ အားကောင်းခဲ့တာကြောင့်  စစ်ကောင်စီက နည်းမျိုးစုံနဲ့ အင်အားသုံး တိုက်ခိုက်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013