DVB Logo
Home
မြန်မာသတင်း
မိုးမိတ်မြို့တွင်း ပစ်ခတ်မှုများ ဆက်ဖြစ်၊  မြို့ခံပြည်သူ   ၂၀၀ ခန့် ပိတ်မိနေ 
DVB
·
January 22, 2024
မိုးမိတ်မြို့တွင်း ပစ်ခတ်မှုများ ဆက်ဖြစ်၊  မြို့ခံပြည်သူ   ၂၀၀ ခန့် ပိတ်မိနေ 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ထဲမှာ ပစ်ခတ်မှုတချို့ ဆက်ရှိနေပြီး  သက်ကြီးရွယ်အို အပါအဝင် လူ ၂၀၀ ဝန်းကျင်လောက် ပိတ်မိနေပြီး ဖုန်းလိုင်းအကုန်နီးပါး ဖြတ်တောက်ခံထားရတာကြောင့် အဆက်အသွယ်တွေလည်း ပြတ်တောက်နေတယ်လို့  လွတ်မြောက်လာတဲ့ ဒေသခံတွေက ပြောပါတယ်။

မိုးမိတ်မြို့ထဲမှာ ဇန်နဝါရီ ၁၈ ရက် မနက်အစောပိုင်းကစလို့ စစ်တပ်က လေကြောင်း အသုံးပြုရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့လို့ လူ၊ နေအိမ် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲ ၅ ရက်မြောက်တဲ့ ဇန်နဝါရီ ၂၂ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲတွေငြိမ်နေပေမဲ့ လက်နက်ကြီးသံတချို့ကြားရပြီး မြို့ပေါ်နဲ့ အနီးဝန်းကျင်ရွာတွေမှာလည်း ဖုန်းလိုင်းတွေ ပြတ်တောက်နေကြောင်း မြို့ထဲကနေ လွတ်လာသူတွေနဲ့ ကူညီဖို့ ကြိုးစားနေသူတွေက ပြောပါတယ်။

မိုးမိတ်မြို့ခံ စစ်ရှောင်အမျိုးသမီးတဦးက “မနေ့က နေ့လယ်ပိုင်း MPT လေး လိုင်းခဏရလိုက်သေးတယ်။ အိမ်ကို အဆက်အသွယ် ရလိုက်သေးတယ်။ မီးတွေလည်း တော်တော်များများ လောင်တယ်လေ၊ မြို့ထဲက။ အိမ်တွေလည်း ထိတယ်။ သမီးတို့ ထွက်ခဲ့ပြီးတော့ လမ်းပဲရောက်သေးတယ်။ မိုးမိတ်က သတင်းတက်လာတာ သမီးတို့အိမ်လည်း တစ်လုံးကျတာ။ အခုဟာက ဘယ်လိုပြောမလဲ၊ မြို့ထဲကိုပဲ မဲပြီးတော့ လုပ်နေသလို ဖြစ်နေတာ။ မြို့လယ်ကောင် အဲလိုမျိုးတွေ၊ တိုက်ပွဲကြားကနေပဲ ပြေးခဲ့တာ”လို့ ပြောပါတယ်။

ဒါအပြင် မြို့ထဲအိမ်စောင့်ကျန်နေသူတွေနဲ့ သက်ကြီးရွယ်အို၊ နာမကျန်းဖြစ်နေသူ ၂၀၀ ဝန်းကျင်လောက် ဆက်လက်ပိတ်မိနေပြီး ရိက္ခာပါ ပြတ်လပ်နေပြီလို့ သတင်းထွက်ပေမဲ့ အတိအကျမသိရနိုင်သေးဘူးလို့ ကူညီဖို့ကြိုးစားနေသူတွေက ပြောပါတယ်။

ပရဟိတအဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူက  “ဟော်နန်းတော်တို့ဘက်မှာတို့ ဟိုဘက်တွေမှာဆို ပိတ်မိနေတဲ့သူတွေက တော်တော်ရှိဦးမယ်။ မြို့ထဲမှာတော့ ဆိုင်စောင့်တဲ့သူတို့ ဥပမာ-အိမ်စောင့်ပြီး ကျန်ခဲ့တဲ့သူတို့ သက်ကြီးရွယ်အိုတွေ စုစုပေါင်းဆိုရင်‌တော့ အဲဒီလောက်ဝန်းကျင်တော့ ရှိဦးမယ်ဗျ။ ကူညီဖို့က အခုကအထဲကိုဝင်ဖို့ တော်တော်ကြီးကို ခက်နေသေးတယ်။ ဒေသခံတွေနဲ့ အဲဒီအနီးအနားက ပတ်ဝန်းကျင်တွေနဲ့ပဲ အချိတ်အဆက် ရှိနေသေးတာဗျ။ အခုက ဖုန်းလိုင်းလည်းမရတော့ဘူးဆိုတော့ ဘယ်လို ဝင်လို့ ဝင်ရမှန်း မသိသေးဘူးဗျ”လို့ ပြောပါတယ်။

ဒါကြောင့် မိုးမိတ်မြို့ထဲက လက်နက်ကိုင်တွေအနေနဲ့ တိုက်ပွဲခဏရပ်ပြီး ကူညီခွင့်ပြုဖို့အတွက် ကြိုးစားချိတ်ဆက်နေတယ်လို့လည်း ဆိုပါတယ်။

မိုးမိတ်မြို့မဈေးလည်း ဇန်နဝါရီ ၁၉ ရက်ကတည်းကမီးလောင်သွားခဲ့ပြီး ပရဟိတအဖွဲ့တွေ ရရှိထားတဲ့ စာရင်းတွေအရဆိုရင် အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးထားပြီး ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

မိုးမိတ်မြို့ပေါ်မှာ ရပ်ကွက် ၄ ခုရှိပြီး လူဦးရေ ၁၀၀၀၀ ဝန်းကျင်နေထိုင်ကြတဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ PDF ပူးပေါင်းတပ်တွေက ပြုလုပ်နေတာလို့ ဒေသခံတွေကပြောပေမဲ့ ကေအိုင်အေဘက်ကတော့ တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။

ဒါပေမဲ့ ကချင်နဲ့ စစ်ကိုင်းအစပ်မှာရှိပြီး မိုးမိတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မဘိမ်းမြို့ကိုတော့ ဇန်နဝါရီ ၂၁ ရက်မှာ KIA၊ K-PDF၊ ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013