DVB Logo
Home
မြန်မာသတင်း
နိုင်ငံကြီးများ၏ နောက်လိုက်လုပ်လို့မရဘဲ ကိုယ့်မူနှင့် အခိုင်အမာရပ်တည်မည်ဟု NUG ပြော
DVB
·
January 22, 2024
နိုင်ငံကြီးများ၏ နောက်လိုက်လုပ်လို့မရဘဲ ကိုယ့်မူနှင့် အခိုင်အမာရပ်တည်မည်ဟု NUG ပြော
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲ လုပ်လို့လည်းမရသလို အင်အားကြီးနိုင်ငံတွေရဲ့ နောက်လိုက်လည်းဖြစ်လို့မရဘဲ ကိုယ့်ရဲ့မူနဲ့ ခိုင်ခိုင်မာမာ ရပ်တည် လျှောက်လှမ်းကြမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပြောပါတယ်။  

ဇန်နဝါရီ ၁ ရက်က NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားနဲ့ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဝေဖန်နေတဲ့အပေါ် NUG ဘက်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ယာယီသမ္မတကြီးပြောကြားခဲ့သလို ကျနော်တို့ဟာ ဒေသတွင်းနိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲလုပ်လို့လည်း မရသလို အင်အားကြီးနိုင်ငံတွေရဲ့ နောက်လိုက်လည်း ဖြစ်လို့မရပါဘူး။ ကိုယ့်ရဲ့မူနဲ့ ခိုင်ခိုင်မာမာ ရပ်တည် လျှောက်လှမ်းကြမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအစွန်းတွေကို ရှောင်ကြဉ်ဖို့လည်း ကျနော်တို့က သတိထားရတယ်။ နိုင်ငံကြီးတွေရဲ့ကြားမှာ ကျနော်တို့ ညှပ်လို့လည်းမဖြစ်၊ တချိန်တည်းမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားပြီး လုပ်ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒတွေကလည်း ကျနော်တို့တွေအပေါ်မှာ ရိုက်ခတ်တာတွေ ရှိပါတယ်။ ကောင်းတာပဲဖြစ်စေ၊ ဆိုးတာပဲဖြစ်စေပေါ့နော်။ ဒါကြောင့် ကျနော်တို့မှာ ပါးပါးနပ်နပ်နဲ့ လုပ်ကိုင်ရတာတွေ ရှိပါတယ်။ လုပ်ဆောင်ချက်တွေဟာ ပြည်သူတွေအတွက်၊ နွေဦးတော်လှန်ရေးအတွက်ကို ဦးထိပ်ထားပြီးတော့ လုပ်ကိုင်နေတာ” လို့  ဒီဗွီဘီကို ပြောပါတယ်။

NUG အစိုးရက ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထား ၁၀ ချက်ထဲမှာတော့ မြန်မာပြည်မှာရှိနေတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ်၊ တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက် လက်ခံကျင့်သုံးမယ်၊ ၂၀၂၁ စစ်အာဏာမသိမ်းခင် နှစ်နိုင်ငံသဘောတူစာချုပ်တွေကိုပဲ ဆက်လက်တာဝန်ယူမယ်ဆိုတာတွေ ပါဝင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလမှာ စစ်ကောင်စီနဲ့ အပြိုင်တရုတ်နိုင်ငံကို သံတမန်ရေးအရချဉ်းကပ်နိုင်ဖို့ NUG က ကြိုးစားခဲ့တာ ဖြစ်ပေမဲ့ NUG ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် မြေပြင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေနဲ့ နိုင်ငံတကာ လူငယ်အသိုက်အဝန်းကြားမှာ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်ခဲ့တာပါ။

NUG နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်မှာ One China Principle တရုတ်တနိုင်ငံတည်းမူဝါဒလို့ သုံးနှုန်းခဲ့တာကြောင့် နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူကို ထောက်ခံအားပေးခဲ့တဲ့ Milk Tea Alliance အဖွဲ့ဝင် ထိုင်ဝမ်နဲ့ ဟောင်ကောင်က လူငယ်တွေအတွက် NUG ထုတ်ပြန်ချက်ဟာ စိတ်မသက်မသာဖြစ်စေခဲ့ပြီး ပြန်သုံးသပ်ဖို့ တိုက်တွန်းချက်တရပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

Synergy လူမှုသဟဇာတဖြစ်ရေးအဖွဲ့မှ ကိုသက်ဆွေဝင်းက "One China Principle ဆိုပြီး ဖြစ်တော့ အဲ့ဒီသဘောက တရုတ်နိုင်ငံက ကိုင်စွဲထားတဲ့မူဝါဒကို ထောက်ခံပါတယ်ဆိုတဲ့ဟာမျိုး ဖြစ်တဲ့အခါကျတော့ ထိုင်ဝမ်က လူတွေကြိုးစားနေကြတဲ့ လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတဲ့ဟာတွေကို မျက်ကွယ်ပြုရာရောက်တယ်။ သူတို့အနေနဲ့ ဒါကိုမြင်တဲ့အခါမှာ Shock ရတယ်။ တော်တော်များများက စိတ်မကောင်းဖြစ်ကြတယ်။ မေးခွန်းတွေ ထွက်လာကြတာ ရှိတယ်။ ဒါကတပိုင်း နောက်တခုကကျတော့ ၃ နှစ်လုံးလုံး နွေဦးတော်လှန်ရေးအတွက် အနောက်ကို ကျနော်တို့ မျှော်ခဲ့ကြတယ်။ မျှော်လင့်ထားသလောက် ဖြစ်မလာဘူး။ အဲ့အခါကျတော့ အရှေ့ကို ပြန်ကြည့်ကြတယ်။ အရှေ့မှာရော ကျနော်တို့ကို ဘာများ Support ပေးနိုင်မလဲကြည့်တဲ့အခါမှာ ဒီ ပေါ်လစီထွက်လာတယ် မြင်တယ်။ ဒါပေမဲ့ ဒါရဲ့နောက်ဆက်တွဲက ဘာဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ မသိနိုင်သေးဘူးပေါ့” လို့ ပြောပါတယ်။

တရုတ်တနိုင်ငံတည်းမူဝါဒကို အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ အများစုက လက်ခံကျင့်သုံးနေတာဖြစ်ပြီး တရုတ်အာဏာပိုင်တွေကလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်ထဲက နိုင်ငံပေါင်း ၁၈၀ ကျော်နဲ့ One China Principle အပေါ်အခြေခံပြီး သံတမန် ဆက်ဆံရေးရှိထားတယ်လို့ ပြောဆိုထားတာပါ။

ဝေဖန်တိုက်တွန်းမှုတွေနဲ့ပတ်သက်ပြီး နွေဦးတော်လှန်ရေးအစပိုင်းကတည်းက ပြည်သူ့ဘက်က ရပ်တည်ပေးခဲ့တဲ့ Milk Tea Alliance အပါအဝင် အစုအဖွဲ့အားလုံးကို လေးစားတန်ဖိုးထားပြီး အခြေအနေ အချိန်အခါအရ အခုလို ထုတ်ပြန်ကြေညာခဲ့ရတာလို့ NUG သမ္မတရုံးတာဝန်ရှိသူက  ပြောပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်က ဘယ်လိုသဘောသက်ရောက်စေကာမူ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်မယ့် မြန်မာလူထုရဲ့ နွေဦးတော်လှန်ရေးနဲ့အတူ ဆက်လက်ရပ်တည် အားပေးနေတယ်လို့ Milk Tea Alliance က ဆိုထားပါတယ်။

NUG ထုတ်ပြန်ချက်ဟာ တရုတ်အစိုးရ၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပြီး တော်လှန်ရေးကို အားကောင်းလာဖို့ မျှော်မှန်းချက်မျိုးလည်း ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ 

ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အပြိုင်အဆိုင်ကြားမှာ NUG ရဲ့ ထုတ်ပြန်ချက်ဟာ လိုအပ်လို့ လုပ်တာဖြစ်တဲ့အတွက် သင့်တော်တယ်လို့ ယူဆကြောင်း မြန်မာနိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“လွတ်လပ်စွာ သဘောထားကွဲခွင့် ရှိတာပဲဗျာ။ သူတို့ ဝေဖန်တာတွေ ဘာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ NUG ရဲ့ ဒီလုပ်ရပ်ဟာ သင့်တော်တယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရဲ့ တနိုင်ငံတည်းမူဆိုတာကို သူ့မှာပြောဖို့ ဝတ္တရားရှိတယ်ထင်လို့ ပြောတာနေမှာပေါ့။ စစ်ကောင်စီကတော့ တရုတ်တနိုင်ငံတည်းမူလည်း ထောက်ခံတယ်၊ ထိုင်ဝမ်ဟာ တရုတ်ပြည်ရဲ့ တစိတ်တဒေသ ဖြစ်တယ်ဆိုတာလည်း လက်ခံတယ်ဆိုပြီးတော့ နှစ်ဆင့်ပြောတာပဲ။ တရုတ်နိုင်ငံ အနေနဲ့က ဒါမျိုး လက်ခံထားတဲ့သူက အများစုဖြစ်တာကိုး။ ဒါကြောင့်မို့ NUG က ဒီလမ်းလိုက်ပြီး ပြောတယ် ထင်ပါတယ်။ ကျန်တဲ့လူငယ်တွေ ဘာတွေကတော့ သူတို့လွတ်လပ်စွာ သဘောထား ကွဲခွင့်ရှိတာပဲဗျာ။ ကွဲပေါ့ ရပါတယ်၊ ပြီးတော့မှ ကျမတို့ တိုင်းပြည်အတွက် ဘယ်မူက ပိုပြီး အကျိုးရှိလဲဆိုတာ ဆွေးနွေးကြတာပေါ့။”

စစ်ကောင်စီကလည်း ၁၀၂၇ စစ်ဆင်ရေး အခင်းအကျင်းအလွန်မှာ တရုတ်အစိုးရနဲ့ ဆက်ဆံရေးပြန်ကောင်းလာအောင် နည်းလမ်းစုံနဲ့ကြိုးစားလာရတာကို တွေ့ရ ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy)ကို အစဉ်တစိုက် ထောက်ခံပြီး ဒီမူဝါဒအရ ထိုင်ဝမ်ဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံရဲ့ ခွဲထွက်မရတဲ့ အစိတ်အပိုင်း တခုအဖြစ် မှတ်ယူထားတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်တွေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေကို ဆန့်ကျင်ကြောင်းလည်း စစ်ကောင်စီက ကြေညာပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013