DVB Logo
Home
မြန်မာသတင်း
ကိုရီးယားတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားအများအပြား ငွေလိမ်လည်ခံနေရ
DVB
·
January 22, 2024
ကိုရီးယားတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားအများအပြား ငွေလိမ်လည်ခံနေရ
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ ရာသီချိန်လုပ်သားအနေနဲ့ သွားရောက်လုပ်ကိုင်ရမယ်ဆိုပြီး နေ့စဥ် အလုပ်သမားများစွာ ငွေလိမ်လည်ခံရတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီက သိရပါတယ်။

အေဂျင်စီကနေ အလုပ်သမားပို့ပေးမှာဆိုပြီး တဦးကို ငွေကျပ် သိန်း ၃၀ နီးပါး တောင်းကာ သင်တန်းပေးတာတွေရှိနေတာဖြစ်ပြီး နယ်စုံကနေ သင်တန်းလာတက်သူ အများအပြားရှိတယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသမီးတဦးက “ပထမသင်တန်းတက်တော့ ၁၀ သိန်း အရင်သွင်းရတယ်။ နောက်တော့ ကမ့်ဝင်ရမယ်ဆိုပြီး ၁၆ သိန်း သွင်းခိုင်းတယ်။ အလုပ်ကိစ္စ မေးတော့ သေသေချာချာ မရှင်းပြနိုင်ဘူး။ အဲဒါနဲ့ နောက်ထပ် ၁၆ သိန်း မသွင်းတော့ဘူး။ ပထမ ၁၀ သိန်း ပြန်တောင်းတော့လည်း မရတော့ဘူး” လို့ ပြောပါတယ်။

ပထမသင်တန်းကို တောင်ဥက္ကလာပမြို့နယ်ရှိ တိုက်ခန်းတခုမှာ ၅ ရက်ကြာ တက်ခဲ့ရတာဖြစ်ပြီး ကိုရီးယားဘာသာစကားအခြေခံနဲ့ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ အသုံးအနှုန်းတွေ သင်ပေးတာလို့ သူက ဆိုပါတယ်။

တက်ရောက်ခဲ့တဲ့ သင်တန်းအသုတ်မှာ အလုပ်သမား ၅၀ လောက်ရှိပြီး တခြားအသုတ်တွေနဲ့ပါ ဆိုရင် နေ့စဥ် သင်တန်းသား ရာချီရှိမယ်လို့လည်း ခန့်မှန်းပြောပါတယ်။

ဒါ့အပြင် ကမ့်ကို ရွှေပေါက်ကံမြို့နယ်မှာ တက်ရမှာလို့ သိထားရပြီး ငွေအကြေသွင်းပြီးသူတွေပဲ လက်ခံမှာဆိုပြီး အကျပ်ကိုင်ထားတယ်လို့ ငွေသွင်းခဲ့ရသူတွေက ပြောပါတယ်။

ငွေပေးသွင်းထားသူတဦးက “သင်တန်းကတော့ တနေရာတည်းပဲ၊ အဲဒီကမှ သင်တန်း ရောက်လာသူတွေက ဟိုအေဂျင်စီက ဒီကုမ္ပဏီက လွှတ်လိုက်တာဆိုပြီး သွားဆုံကြတာ။ တယောက်နဲ့ တယောက် ပိုက်ဆံသွင်းခဲ့ရတဲ့ ပမာဏကလည်း မတူဘူး။ တကယ်သွားရမှာ သေချာလားလို့ သင်တန်းမှာတွေ့တဲ့သူတွေ လိုက်မေးကြည့်တော့လည်း ဘယ်သူမှ ရေရေရာရာ မသိကြဘူး” လို့ ပြောပါတယ်။

ငွေကြိုသွင်းပြီး သင်တန်းလာတက်သူတွေဟာ စေလွှတ်မယ်ဆိုတဲ့ အေဂျင်စီ၊ အဖွဲ့အစည်းနဲ့ တိုက်ရိုက်တွေ့ဆုံ ချိတ်ဆက်မိတာထက် တဆင့်စကားနဲ့တဆင့် နားယောင်ပြီး ရောက်လာကြတာလို့ သူတို့က ပြောပါတယ်။

အလားတူ လူမသိသူမသိ သင်တန်းသားစုပြီး ငွေလိမ်လည်တဲ့ ဖြစ်စဥ်တွေ တခြား နေရာတွေမှာလည်း ရှိနေပြီး အများစုက ထုတ်မပြောလိုကြဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သား စေလွှတ်မယ်ဆိုတဲ့ သတင်းဟာ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကစပြီး ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရာသီချိန်လုပ်သားက အမျိုးသားအပြင် အမျိုးသမီးတွေပါ ခေါ်မှာဆိုတဲ့ သတင်းတွေကြောင့် အလုပ်သမားတွေကြား စိတ်ဝင်စားမှု မြင့်တက်သွားခဲ့တာပါ။

ဒါပေမဲ့ တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သား ခေါ်ယူဖို့ ထုတ်ပြန်တာ မရှိသလို ရာသီချိန်လုပ်သားခေါ်မယ့်သတင်းတွေအပေါ်  ငြင်းဆိုထားပါတယ်။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလူမှုအဖွဲ့အစည်းတွေကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီ ရာသီချိန်လုပ်သား ခေါ်မယ့်ကိစ္စ ဆက်သွယ်မေးမြန်းရာကနေ သိရှိရတဲ့ မြန်မာလုပ်သားခေါ်ဖို့ မရှိသေးဘူးဆိုတဲ့ သတင်းစကားတွေ ထုတ်ပြန်သတိပေးထားပေမယ့် ပြည်တွင်းမှာတော့ လိမ်လည်မှုတွေ ဆက်ရှိနေတယ်လို့ မြန်မာအလုပ်သမားအရေး လှုပ်ရှားနေသူတဦးက ပြောပါတယ်။

“အလုပ်သမားတွေကိုယ်တိုင်က သွားရမယ်ဆိုတဲ့ စိတ်စွဲနေတာ။ သတိပေးလည်း မရဘူး။ အလိမ်ခံလို့ ခံထားရမှန်းလည်း မသိကြဘူး။”

တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သား စေလွှတ်မယ့်သတင်းဟာ ကြံ့ခိုင်ရေးပါတီကနေ စတင်ထွက်ပေါ်လာတာဖြစ်ပြီး နေပြည်တော်မှာရှိတဲ့ အဲဒီပါတီရုံးမှာကို အလုပ်သမားစုဆောင်း သင်တန်းပေးတာတွေ လုပ်ခဲ့တာရှိတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကလည်း ရာသီချိန်လုပ်သား စေလွှတ်နိုင်ရေး ကြိုးစားမှုတွေ လုပ်ခဲ့တာရှိပေမယ့် ကိုရီးယားအစိုးရဘက်က သဘောတူ လက်ခံတာ မရှိသေးဘူးလို့ မြန်မာလူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013