DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ် တဝက်ကို ကာကွယ်ရေးတပ်များ ထိန်းချုပ်၊ ဇီးကုန်းမြို့အနီး တိုက်ပွဲဖြစ်
DVB
·
January 22, 2024
ဒီပဲယင်းမြို့နယ် တဝက်ကို ကာကွယ်ရေးတပ်များ ထိန်းချုပ်၊ ဇီးကုန်းမြို့အနီး တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တစ်ဝက်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ဇန်နဝါရေ ၂၁ ရက် ညနေမှာ အဖြူရောင် D.P.Yအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီပဲယင်းမြို့နယ်ရှိ ရုံးဌာနတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီး မြို့အဝင်၊ မြို့အထွက် စစ်ကောင်စီ ဂိတ်စခန်းတွေကို တိုက်ခိုက်နိုင်ခဲ့တာကြောင့် ဂိတ်တွေက စစ်သားတွေ တပ်ဆုတ်ခွာသွားပြီး ရဲစခန်းအတွင်းတွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

အဖြူရောင် D.P.Y အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံတဦးက “ထိန်းချုပ်ထားတာက တိုက်ခိုက်ရေးကိုပါ။ မြို့ရဲ့ သုံးပုံပုံရင် နှစ်ပုံကိုတော့ ထိန်းချုပ်ထားနိုင်ပါပြီ။ သူ့တို့ဘက်က ပြန်ခုခံတိုက်ခိုက်မှုတွေ မလုပ်လာကြဘူး။ မြို့တွင်းမှာရှိတဲ့ စစ်သားတွေကတော့ စခန်းအပြင်ကို မထွက်ရဲတာ” လို့ ပြောပါတယ်။ 

ဒေသတွင်း PDF တပ်ဖွဲ့တွေက ဒီပဲယင်းမြို့ပေါ်ရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဦးစီးအရာရှိ (မြို့ပြ)ရုံး၊ မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ် အားကစားကွင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့ဆေးရုံ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးနဲ့ မြို့နယ်စီမံကိန်းဦးစီးရုံးတို့ကို ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

ထိန်းချုပ်ထားတဲ့ နေရာတွေကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုယ်တိုင် လာရောက်ကာ PDF တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့​တာလို့ အဖြူရောင် D.P.Y က ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေး အရှိန်တိုးမြင့်မှာ ဖြစ်တဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်းများ၊ ထွေအုပ်ရုံးတွေကိုပါ  ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဇန်နဝါရီ ၂၁ ရက်ည ၁၁ နာရီကျော်က ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီး ဇန်နဝါရီ ၂၂ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီဘက်က ဇီးကုန်းမြို့အဝင်မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညကတော့ ပစ်သံတွေ ကြားရတယ်။ ဘယ်နားလေးလောက်က ဖြစ်တာလဲဆိုတော့ ကျနော်တို့ လက်ဆည်ကျေးရွာနဲ့ ဇီးကုန်းရွာကြားမှာ ဖြစ်ကြတာဗျ။ ဘယ်ဘက်က ဘယ်လောက် သေတယ်တော့ အတိအကျ မပြောနိုင်ဘူး။ အဲဒီလိုတိုက်ပွဲဖြစ်ပြီး ဒီနေ့မနက်ခင်းကျတော့ စစ်ကောင်စီဘက်က ဇီးကုန်းရွာအဝင်တွေကနေ စစ်ဆေးရေးတွေ လုပ်နေတယ်” လို့ လက်ဆည်ကျေးရွာသားတဦးက ပြောပါတယ်။

ဇီးကုန်းမြို့ဟာ ကန့်ဘလူမြို့နယ်အတွင်းက ရပ်ကွက် ၅ ရပ်ကွက်ရှိတဲ့ မြို့လေးဖြစ်သလို ကန့်ဘလူမြို့နယ် သကြားထုတ်လုပ်နေတဲ့ ကြံကြိတ်စက်ရုံနဲ့ အနီးဆုံးမြို့တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ကန့်ဘလူမြို့နယ် ပအဖ

“တိုက်ပွဲဖြစ်တာ ဟုတ်တယ်ဗျ။ ဇီးကုန်းမြို့က‌နေ လက်ဆည်ကျေးရွာဘက် ဒီကောင်တွေ ညကင်းပတ်တာကို ကျနော်တို့ ကာကွယ်ရေးအဖွဲ့က အလစ်ဝင်တိုက်ခဲ့တာ။ ရန်သူဘက်ကတော့ စစ်(- ) ၃ ကောင်ကတော့ နေရာတင် သေဆုံးတယ်။ ဒဏ်ရာရှိသူတွေလည်း ၃ ဦးထက်မနည်း ရှိသွားတယ်ဗျ။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီး သူတို့ဘက်ကအထိနာတော့ ဇီးကုန်းမြို့ထဲ ခွေးပြေးသလို ပြေးပြီး ထွက်ပြေးသွားတယ။ သူတို့ဆီကနေ ကျနော်တို့ ကာဘိုင် ၂ လက်၊ ကာဘိုင်ကျည် ဘောက် ၂ ခု၊ ကာဘိုင်ကျည် ၂၉ တောင့် သိမ်းဆည်းရရှိခဲ့တယ်။ ကိုယ့်ဘက်ကတော့ လက်ဦးမှုယူ တိုက်ခိုက်နိုင်လို့ အထိအခိုက်၊ အကျအဆုံးတော့ မရှိခဲ့ဘူး”လို့ ကန့်ဘလူမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့တဖွဲ့တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013