DVB Logo
Home
မြန်မာသတင်း
PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရမှု စုံစမ်းစစ်ဆေး
DVB
·
January 22, 2024
PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရမှု စုံစမ်းစစ်ဆေး
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရမှုနဲ့ နောက်ဆက်တွဲအားလုံးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ၅ ဖွဲ့ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဇန်နဝါရီ ၂၀ ရက်ကစပြီး စတင်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဗိုလ်မှူးကျော်ထွန်း ညွှန်ကြားချက်အရ ကရင်အမျိုးသားတပ်မတော် (KNDO) တပ်ခွဲ ၅၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)၊ ပုလောစစ်ကြောင်း ၁ နဲ့ ဗိုလ်မိုးကြိုးအဖွဲ့တို့က ဇန်နဝါရီ ၁၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ် ကိုပင်လယ်လူဟာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က နုတ်ထွက်တာ ၉ လခန့်ရှိပြီး မိကျောင်းစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတာပါ။ သူ့ရဲ့အမျိုးသမီး မီးဖွားတဲ့ကိစ္စနဲ့ ခန္တီရွာကို ခွင့်ရက်နဲ့ပြန်လာစဉ် မိကျောင်းစစ်ကြောင်းက ကိုဝိုင်လူး အပါအဝင် မျက်နှာဖုံးထားတဲ့ လက်နက်ကိုင် ၈ ဦးက ဇန်နဝါရီ ၈ ရက် ညမှာ လာရောက်ဖမ်းဆီးကာ ၉ ရက်နေ့ မနက်မှာ သတ်ဖြတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

မိသားစုဝင်တဦးက “ကိုပင်လယ်လူကို အပြစ်ရှိတယ်ဆိုရင်လည်း ဘာအပြစ်နဲ့ ဖမ်းဆီးတယ်ဆိုတာ သိချင်တယ်။ သတ်လိုက်တဲ့သူတွေကိုလည်း ဖော်ထုတ်ပေးစေချင်တယ်။ ကိုပင်လယ်လူနဲ့ ပတ်သက်ပြီး အမှန်တရားကို လိုချင်တယ်” လို့ ပြောပါတယ်။

ကိုပင်လယ်လူကို PRDF မှ ကိုသားကြီးက အမိန့်ပေးတာကြောင့် အခုလို လာရောက်ဖမ်းဆီးတာ ဖြစ်ကြောင်း ကိုဝိုင်လူးက ပြောတယ်လို့ ကိုပင်လယ်လူရဲ့ မိသားစုဝင်တဦးက ပြောဆိုထားပါတယ်။

အဆိုပါပြောဆိုချက်အပေါ် PRDF တပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာ ကိုပင်လယ်လူ အသတ်ခံရမှုနဲ့ နောက်ဆက်တွဲအားလုံးကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးနေတာကြောင့် PRDF အနေနဲ့ ဒီအပေါ်မှာ ပြောဆိုခွင့်မရှိသေးဘူးလို့ PRDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က “ကျနော်တို့ စုံစမ်းရေးအဖွဲ့ကနေပြီး စတင်စုံစမ်းနေတာရှိတယ်။ စုံစမ်းစစ်ဆေးပြီး ရလာမယ့် အချက်အလက်တွေကို အမှုတည်ဆောက်ပြီး တာဝန်ရှိသူထံ အပ်နှံသွားမှာပါ။ အဲဒီအမှုကို ဗိုလ်ကျော်ထွန်းနဲ့ ပူးပေါင်းပါဝင်တဲ့ အဖွဲ့အစည်း ၅ ခုမှ တာဝန်ခံတွေကနေပြီး အမှုရဲ့ ဆုံးဖြတ်ချက်ရလဒ်ကို ပြည်သူတွေထံ အသိပေးသွားမှာပါ။ လက်ရှိမှာတော့ ဒီအမှုနဲ့ပတ်သက်ပြီး ပြောပိုင်ခွင့်မရှိသေးဘူး” လို့ ဆိုပါတယ်။

ကိုပင်လယ်လူ သေဆုံးမှုနဲ့ နောက်ဆက်တွဲအားလုံးကို စုံစမ်းစစ်ဆေးတာနဲ့ပတ်သက်ပြီး ဗိုလ်မှူးကျော်ထွန်းကို ဒီဗွီဘီအနေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013