DVB Logo
Home
မြန်မာသတင်း
ဟင်္သာတမြို့ အဝင်အထွက်ဂိတ်တွင် စစ်ကောင်စီ တပ်နှင့်ရဲက စစ်ဆေးငွေညှစ်နေ 
DVB
·
January 21, 2024
ဟင်္သာတမြို့ အဝင်အထွက်ဂိတ်တွင် စစ်ကောင်စီ တပ်နှင့်ရဲက စစ်ဆေးငွေညှစ်နေ 
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အဝင်အထွက်ဂိတ်တွေမှာ ဇန်နဝါရီလ ဒုတိယ အပတ်က စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက လုံခြုံရေးအကြောင်းပြ စစ်ဆေးပြီး ငွေမတရား တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်တပ်နဲ့ ရဲတွေက ဒေသလုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးလို့ ခေါင်းစဉ်တပ်ပြီး ဆိုင်ကယ်လိုင်စင် ရှိ၊ မရှိ၊ ဘက်မှန်တပ်ထားတာ ရှိ၊ မရှိ၊ ဆိုင်ကယ်ဦးထုပ်နဲ့ ဆိုင်ကယ်နံပါတ်ပြား ပါ၊ မပါ စတဲ့ အချက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ငွေညှစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

ကိုယ်တွေ့ကြုံရတဲ့ ဒေသခံတယောက်က “ဟင်္သာတမြို့နယ်ထဲက စစ်ဆေးရေးဂိတ် မှန်သမျှမှာ စစ်သားနဲ့ ရဲတွေက ဆိုင်ကယ်တွေနဲ့ ကားတွေကိုတားပြီး ဖုန်းတွေကို စစ်တယ်။ ဘာမှမတွေ့လည်းတော်လှန်ရေးနဲ့ ပတ်သက်တာတွေ၊ NLD၊ NUG နဲ့ပတ်သက်တာတွေ တွေ့တယ်လို့ဆိုပြီး ငွေတောင်းချင်သလောက် တောင်းနေကြတယ်။ ဆိုင်ကယ်လိုင်စင်တို့ ဦးထုပ်တို့ ဘက်မှန်တို့ မပါရင်လည်း နည်းမျိုးစုံရစ်ပြီး ပိုက်ဆံတောင်းတယ်။ တရက်နဲ့တရက် ပိုပိုဆိုးလာတယ်။ ကျနော်ဆို ဆိုင်ကယ်ဘက်မှန် မတပ်ရသေးတာကို ဘာလို့မတပ်တာလဲ မေးပြီး ဒဏ်ငွေလို့ ခေါင်းစဉ်တပ်ပြီး ၃၀,၀၀၀ တောင်းတယ်။ တပ်မှာပါလို့ အကျိုးအကြောင်း ရှင်းပြတာတောင် မရဘူး” လို့ ပြောပါတယ်။ 

အခုထိတော့ လိုင်စင်မရှိတဲ့ ဆိုင်ကယ် အစီး ၂၀ လောက် နဲ့ NUG၊ PDF တွေနဲ့ ဆက်သွယ် ပတ်သက်နေတယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံရတဲ့ ဆိုင်ကယ် အစီး ၂၀ ကျော်လောက် အထိရှိပြီး ငွေပေးနိုင်တဲ့သူတွေကို ဆိုင်ကယ်ပြန်ပေးတယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “စစ်တပ်အာဏာသိမ်းကတည်းက နေ့ရှိသရွေ့ ဒုက္ခနဲ့ ကြုံနေတယ်။ အံ့သြဖို့လည်း ကောင်းတယ်။ ဒီလို ငွေကြေးမတရား တောင်းယူနေတာတွေကို အမိန့်အရ လုပ်တာတဲ့။ စစ်ကောင်စီက ခိုင်းတာတဲ့။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက သိလည်း အရင်အရပ်သားအစိုးရတွေလို အရေးယူခြင်း တစုံတစ်ရာမရှိဘူး” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ရဲတွေက အခုလို စစ်ဆေး ငွေညှစ်၊ ဆိုင်ကယ်သိမ်းလုပ်နေတာကို မကျေနပ်လည်း ဂရုမစိုက်ဘူး။ လူကိုပါ ပစ်သတ်လို့ရတယ်လို့ ခြိမ်းခြောက် ပြောဆိုကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။ 

ဒါ့အပြင် စစ်ဆေးနေတဲ့အချိန် စစ်သားတွေနဲ့ ရဲတွေက ရိုက်နှက်တာခံရတဲ့ လူငယ် အယောက် ၂၀ ထက်မနည်းလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013