DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့် AA တိုက်ပွဲပြင်းထန်၊ ဖမ်းဆီးထားသူများကို ရှေ့တန်းစစ်မျက်နှာ၌ အသုံးချနေ
DVB
·
September 4, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့အကြား စက်တင်ဘာ ၄ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်က မနေ့ နေ့လယ်က စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို လေကြောင်းကနေ ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်  ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲတွေ စဖြစ်နေတာပါ။

ဒေသခံစစ်ရေးသတင်းရင်းမြစ်က “ဒီနေ့ မနက်ကစပြီး စစ်တွေတိုက်ပွဲ စဖြစ်နေတာရှိတယ်။ တိုက်ပွဲ က အတော်လည်းကို ပြင်းထန်နေကြတာ။ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြတာရှိတယ်။ မနေ့က စစ်တပ်က စပြီး လေကြောင်း ဗုံးကြဲ တိုက်ခိုက် ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ စဖြစ်ကြတာ”လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ဒကစ-စစ်တွေ ဌာနချုပ်ထဲကနေ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ ကျေးရွာတွေကို ဒီနေ့မနက်မှာ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် AA ဘက် ကလည်း ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တွေမြို့ခံ အမျိုးသမီးတယောက်က “မနေ့က နေလယ်လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်သံ စကြားရပြီး။ မနက်စောစောကဆိုရင် ပစ်ခတ်သံတွေ ကြားရတာ။ မြေတွေတောင်တုန်ပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်နေကြတယ်ဆိုတာတော့ မသိရသေးဘူး။ မြို့ခံတွေကတော့ ပြန်ပြီး တိုက်ပွဲတွေ ဖြစ်လာတော့ စိုးရိမ်းစိတ်တွေနဲ့ပဲ အခြေအနေတွေကို စောင့်ကြည့်နေကြရတယ်” လို့ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာပြင်တွေနဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်းပြည် စစ်မျက်နှာပြင်တွေမှာပါ စစ်အာဏာရှင်တွေရဲ့ ထိုးစစ်တွေကို ခုခံ တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးထားတဲ့ အမျိုးသားတချို့ကို  ဒေသဆိုင်ရာ ကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) ထံပို့ဆောင်ပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ အသုံးချနေတယ်လို့ ဒေသခံက ပြောပါတယ်။

"ဖမ်းထားတဲ့သူတွေကို ဒကစမှာထားတယ်။ ပြီးတော့သူတို့လိုအပ်တဲ့နေရာတွေမှာ ခိုင်းတယ်။ ကတုတ်ကျင်းတူးတာ၊ ဘန်ကာဆောက်တဲ့နေရာတွေမှာ။ အဲ့ဒီနေရာတွေက တကယ့်ရှေ့တန်းနေရာ တွေပါ။ စစ်ကောင်စီတပ်သားတွေက သူတို့လုပ်ရင် AA ဆီမှာ လက်နက်ကျည်နဲ့  အပစ်ခံရမှာ ကြောက်လို့ ဒီဖမ်းဆီးထားတဲ့ ဒေသခံတွေကို အလုပ်ခိုင်းတယ်။”

စစ်တွေမှာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တဲ့ အချိန်ကနေစပြီး မြို့ပေါ်ရပ်ကွက် တွေအပါအဝင် နယ်ခံတွေကို နေ့စဉ်လိုလို ဖမ်းဆီးနေတာဖြစ်ပြီး စစ်ကြောရေးကိုပို့ကာ တိုက်ပွဲ တွေမှာအသုံးချနေတယ်လို့ စစ်တွေမြို့ခံက ပြောပါတယ်။

"ရခိုင်၊ မွတ်စလင်၊ လူမျိုးဘာသာမရွေး စစ်ကောင်စီဖမ်းတယ်။ ပြီးရင်အများစုကို စစ်တွေ တပ်နယ် တွေမှာ စစ်သင်တန်းပေးတယ်။ ပြီးရင်ရှေ့တန်းပို့တယ်။”

စစ်တွေမှာ စစ်အာဏာရှင်တပ်က စစ်အင်အားတွေဆက်တိုက် အင်အားဖြည့်နေသလို ရွှေမင်းဂံ၊ အမြင့်ကျွန်းဘက်မှာ ရှေ့တန်းစခန်းတွေကို တိုးချဲ့တည်ဆောက်နေပါတယ်။

အမ်းမြို့နယ်မှာလည်း စက်တင်ဘာ ၃ ရက် နေ့ခင်းမှာ စစ်တပ်စစ်ကြောင်း ၂ ကြောင်းဟာ သဖန်ရောင်ကတဆင့် တလိုင်းတောင်လမ်းကို ထိုးတက်လာလို့ မင်းတုန်းမြို့နယ်ကျော်လမ်းမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်ကြောင်းတကြောင်းမှာ ၁၆၀ လောက်ပါတယ်၊ ၂ ကြောင်းဆိုတော့ ၃၀၀ ကျော်ပေါ့။ လမ်းအတိုင်းမလာဘူး၊ လမ်းရဲ့ ဘယ်ညာ တောဖောက်လို့ တက်လာတာ၊ ရိုးထက်မှာ ဖြစ်နေကြတယ်” လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေချိန် နောက်က စစ်ကူစစ်ကြောင်းနဲ့ သဖန်ရောင် အထိုင်စခန်းကနေပြီး ဒရုန်း၊ လက်နက်ကြီးတွေပါ ပစ်ကူခဲ့တယ်လို ဒေသခံက  ဆက်ပြောပါတယ်။

“အခုဖြစ်နေတဲ့ စစ်ကြောင်းက ပထမထိုးစစ်ဆင်တဲ့စစ်ကြောင်း၊ နောက်က စစ်ကူပေးမဲ့ စစ်ကြောင်း တွေက ပါသေးတယ်။ ပြီးတော့ အဲဒီ သဖန်ရောင်ကျေးရွာဘက်က ဒရုန်း၊ လက်နက်ကြီးပါ ပစ်ကူတယ်။”

စစ်အာဏာရှင်တပ်နဲ့ AA တို့ဟာ သြဂုတ် နောက်ဆုံးအပတ်ကလည်း သဖန်ရောင်ပတ်ဝန်းကျင် ရိုးတောင်အောက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

အခု စက်တင်ဘာ ၃ ရက်ကစပြီး အမ်းမြို့နယ် တလိုင်းတောင်နဲ့ မင်းတုန်းမြို့နယ် သဖန်ရောင် ကျော်လမ်းကို စစ်တပ်က အင်အား ၇၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတဲ့အတွက် ရိုးထက်မှာ အခုလို တိုက်ပွဲဖြစ်လာတာလို့ စစ်ရေးနီးစပ်သူတွေကလည်း ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၃ ရက်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဂွမြို့နယ် ကျိန္တလီမြို့၊ သံတွဲမြို့နယ် ငပလီမြို့အနီးတွေကို ရေကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရခိုင်ပြည်သူတွေ အနေနဲ့ လေကြောင်း၊ ရေကြောင်း အန္တရာယ် အထူးသတိပြုကြဖို့လည်း အာရက္ခတပ်တော်က တိုက်တွန်း ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013