DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် ဆားလင်းကြီးတွင် ကလေးအပါအဝင် ၃ ဦး သေဆုံး
DVB
·
January 21, 2024
လက်နက်ကြီးကြောင့် ဆားလင်းကြီးတွင် ကလေးအပါအဝင် ၃ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၃ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ကျွဲခိုတောရွာနားမှာ စစ်ရှောင်နေတဲ့ ဒေသခံတွေကို  ဇန်နဝါရီ ၂၀ ရက်ကနေ မနက် ၁၀ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရသလို ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စစ်ကြောင်းက  ဆားလင်းကြီးကနေ မနက်ခင်း ၆ နာရီက ထွက်လာတယ်ဗျ။ အဲဒီလိုထွက်လာရင်း မနက်ခင်း ၆ နာရီခွဲလောက်မှာ ကုန်းပိုင်းရွာအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်သေးတယ်။ အဲဒီလို တိုက်ပွဲဖြစ်ကြလို့ ဒေသခံတွေက အကုန်ထွက်ပြေးရတယ်။ သူတို့ မနက်ခင်း ၁၀ နာရီခွဲလောက် ရောက်တော့ ကျနော်တို့ ကျွဲခိုတောကျေးရွာအနီး ရောက်တော့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်လို့ ကျနော်တို့ရွာက စစ်ရှောင်နေတဲ့ ပြည်သူတွေနေတဲ့နေရာ ကျပြီးတော့ဗျာ ဦးဆန်းမြင့် အသက် ၇၈ နှစ်၊ ကိုဌေးလွင် အသက် ၅၃ နှစ်နဲ့ မမေဝတ်လွှာ ၃ နှစ်သမီးလေး နေရာတင် သေဆုံးရတယ်။ အတော်လေးကို စိတ်မကောင်းဘူး။ ဒီခေတ်မကောင်းတာကြီးက မပြီးနိုင်ကြဘူးလားဗျ” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ယင်းမာပင်မြို့ကနေ မုံရွာဘက်ကို ညောင်ပင်ကြီးဆိပ်ကမ်းကနေ စက်‌လှေနဲ့ ကူးသွားပြီး ဇန်နဝါရီ ၁၆ ရက်နေ့မှာ မုံရွာကနေ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးဆိပ်ကမ်းကို ပြန်ကူးလာကာ ဆားလင်းကြီးမြို့ကိုသွားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ယင်မာပင်ခရိုင်တပ်ရင်း ၂၈ က တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က “သူတို့ ဆားလင်းကြီး မြို့ကနေထွက်လာပြီး ကုန်းပိုင်းရွာအနီးမှာ ကျနော်တို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဆားလင်းကြီး ဓားမဆိုင်းအဖွဲ့က လက်နက်မပြည့်စုံပေမဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကျနော်တို့ရှိတဲ့ မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်တယ်ဗျ။ အဲဒီလိုလုပ်လို့ စစ်ကောင်စီတပ်က အကျအဆုံးလည်း များတယ်။ စိတ်မကောင်းတာက မိုင်းဆွဲတဲ့ ရဲဘော်မောင်သက်မောင်(ခ)ငမောင် ရန်သူ့ကျည်ထိပြီး ကျဆုံးခဲ့ရတယ်။ သူတို့ အဲဒီကနေ ကျွဲခိုတောရွာအနီးမှာ လက်နက်ကြီးတွေ အရမ်းပစ်တယ်။ ဘယ်လို လက်နက်အမျိုးအစားတွေလဲဆိုတော့ RPG တွေဗျ။ ပစ်တာကလည်း စစ်ရှောင်တွေရှိတဲ့ နေရာတွေကို ပစ်တာ။ အရပ်သားရော၊ စစ်ရေးပစ်မှတ် မဟုတ်တာရော၊ စစ်ရေးပစ်မှတ် ဟုတ်တာရော ခွဲခြားပြီး ပစ်တာမဟုတ်ဘူး။ အကုန်သိမ်းပစ်တာ။ အဲဒီလိုပစ်လို့ အရပ်သား သေဆုံးတာတွေလည်း ရှိတယ်။ အခု ကျွဲခိုတောရွာအနီးကတော့  ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို ရွာသားတွေ ရှောင်နေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိကို ပစ်ခတ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ သမ္မတောရွာအတွင်း ဝင်ရောက်တပ်စွဲနေပြီး နောက်ရက်တွေမှာ ပုလဲမြို့နယ်ဘက်ကို သွားနိုင်သလို ယင်းမာပင်မြို့နဲ့ ကျားတက်ရွာတွေဘက်ကို သွားလာနိုင်ခြေ ရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြောင်းရှောင်ရုံသက်သက်မဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်လို့ ရောက်ရှိနိုင်တဲ့ နေရာမျိုးမှာ မနေထိုင်ကြဘဲ ဘေးလွတ်ရာကို ရှောင်တိမ်းကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013