DVB Logo
Home
နိုင်ငံတကာ
တရုတ်စီးပွားရေး အကျပ်ဆိုက်စေခဲ့သည့် Evergrande ကုမ္ပဏီသူဌေးကို ထောင်ဒဏ် တသက်ချမှတ်
DVB
·
August 20, 2026
Photo: CCTV
Photo: CCTV
Donate to DVB

ကမ္ဘာ့ကြွေးမြီ အများဆုံး အိမ်ခြံမြေ ကုမ္ပဏီကြီးဖြစ်တဲ့ China Evergrande ကုမ္ပဏီအုပ်စုရဲ့ ဘီလျံနာ ထူထောင်သူ ဟွေ့ခါယန်း ခေါ် ရှုကျိယင်းကို တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်မြို့ တရားရုံးက ဩဂုတ် ၂၀ ရက်မှာ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပြီး သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ အားလုံးကိုလည်း သိမ်းဆည်းဖို့ အမိန့်ထုတ်ခဲ့တယ်လို့ CCTV သတင်းမှာ ဖော်ပြပါတယ်။

တရားရုံးဟာ ဟွေ့ခါယန်းကို ထောင်ဒဏ်ချခဲ့ရုံတင်မကဘဲ အဲဗားဂရန်း ကုမ္ပဏီကို ယွမ် ၈ ဒသမ ၈၂ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံ) နဲ့ သူ့ရဲ့ ပင်မ လက်အောက်ခံ ဟန်းင်ဒါ အိမ်ခြံမြေ ကုမ္ပဏီကိုလည်း ယွမ် ၇ ဘီလီယံ ဒဏ်ရိုက်ခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် အကြီးတန်းအရာရှိ ၅ ယောက်ကိုလည်း ဒဏ်ငွေတွေအပြင် ထောင်ဒဏ် ၆ နှစ်ကနေ ၁၈ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။

ဟွေ့ခါယန်းဟာ ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှု၊ ရန်ပုံငွေ လိမ်လည်တောင်းခံမှုနဲ့ ပြည်သူ့အပ်နှံငွေတွေကို တရားမဝင်ရယူမှု အပါအဝင် စွဲချက်ပေါင်း ၈ ခုနဲ့ ပတ်သက်လို့ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့ ဧပြီလကတည်းက  ဝန်ခံထားပါတယ်။

ဟွေ့ခါယန်းကို ခုလို ပြစ်ဒဏ်စီရင်ချမှတ်လိုက်တာဟာ သူ့ရဲ့ ဆင်းရဲရာကနေ သူဌေးဖြစ်လာခဲ့တဲ့ ဘဝဖြစ်စဉ်ကို နိဂုံးချုပ်လိုက်တာ ဖြစ်ပေမဲ့ ပြည်တွင်းပြည်ပက ကြွေးမြီရှင်တွေ အတွက်တော့ စိတ်သက်သာရာရစေမှာ မဟုတ်ပါဘူး။

တချိန်က တရုတ်နိုင်ငံရဲ့ ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီကြီးဖြစ်ခဲ့တဲ့ Evergrande ဟာ ၂၀၂၁ ခုနှစ်ကတည်းက ဒေါ်လာ ဘီလီယံ ၃၀၀ နီးပါးရှိတဲ့ ကြွေးမြီအများစုကို ပြန်မဆပ်နိုင်တော့ဘဲ ပျက်ကွက်ခဲ့တာကြောင့် သူတို့ရဲ့ ပြဿနာဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေ ကဏ္ဍတင်မက စီးပွားရေးတခုလုံးကိုပါ အချိန်အတော်ကြာ ဆွဲတင်ရခက်အောင် အကျပ်အတည်း ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်မှာ ဝူဟန် သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အမေရိကန် အနောက် အလာဘားမား တက္ကသိုလ်ကနေ စီးပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိခဲ့တဲ့ ဟွေ့ခါယန်းဟာ ၁၉၉၆ ခုနှစ်မှာ အဲဗားဂရန်းဒ် ကုမ္ပဏီကို စတင် ထူထောင်ခဲ့တာပါ။

၂၀၀၉ ခုနှစ်မှာ ဟောင်ကောင် စတော့အိတ်ချိန်းမှာ စာရင်းသွင်းကာ ပထမဆုံး စတော့ရှယ်ယာ ရောင်းချမှုကနေ ဟောင်ကောင်ဒေါ်လာ ၆ ဘီလီယံလောက် ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ပိုင်ဆိုင်မှု ဒေါ်လာ ၄၃ ဘီလီယံနဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပြီး ကြွေးမြီတောင်ပုံရာပုံကြားကနေ စီးပွားရေး တည်ဆောက်ခဲ့သူ ဖြစ်တာကြောင့် တချို့မီဒီယာတွေက သူ့ကို ဒေါ်နယ်ထရမ့်ပ်နဲ့တောင် ခိုင်းနှိုင်း ဖော်ပြခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013