DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် အမျိုးသား ၁ ဦး ကားနှင့်ပစ္စည်း လုယက်သတ်ဖြတ်ခံရ
DVB
·
January 20, 2024
ပြင်ဦးလွင်တွင် အမျိုးသား ၁ ဦး ကားနှင့်ပစ္စည်း လုယက်သတ်ဖြတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မြစ်ငယ်မြစ်ဘေး မန်ကျည်းအင်းရွာနားမှာ ဇန်နဝါရီလ ၁၉ ရက် နေ့လယ်ပိုင်းက သေဆုံးနေတဲ့ အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရဲရွာတမံဘက်သွားတဲ့ လမ်းမဘေးမှာတွေ့ခဲ့ရတာဖြစ်ပြီး သေဆုံးနေသူဟာ မန္တလေး၊ မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ ကားအငှားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၀ ကျော်အရွယ် ကိုဆန်းမျိုးမြင့်ဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြုထားပါတယ်။

ကိုဆန်းမျိုးမြင့်ဟာ ဇန်နဝါရီ ၁၈ ရက် နေ့လယ် ၁၂ နာရီလောက်က မန္တလေး၊ ၇ မိုင်ကမ်းခြေကို ခရီးသည်လိုက်ပို့ဖို့အတွက် ယာဉ်အမှတ် MDY 9P-4526 အဖြူရောင် Suzuki Ertiga ကားနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ကိုဆန်းမျိုးမြင့်ရဲ့ ဇနီးက “ကြာသပတေးနေ့က ဖုန်းကို ၁၀ နာရီခွဲလောက်မှာ လူတယောက်က သူတို့ ၁၂ နာရီလောက် ၇ မိုင်ကို သွားချင်တယ်ဆိုပြီး ဖုန်းဆက်ပါတယ်။ ကားက အပိုင်ပါ။ ပိုက်ဆံလွယ်အိတ်မှာ ဘဏ်စာအုပ်တွေ၊ ဖုန်းက ၂ လုံး၊ စိန်လက်စွပ် ၂ ကွင်းပါ။ သူ ၁၂ နာရီလောက် ထွက်သွားပြီး ‌နေ့လယ် ၂ နာရီလောက်မှာ ဖုန်းဆက်တော့ ဖုန်းမကိုင်ဘူး။ ၃ နာရီကနေ တောက်လျှောက်ဆက်တယ်၊ မကိုင်ဘူး။ ဒါနဲ့ လိုက်သွားတော့ တိုးဂိတ်မှာ CCTV ကို အကူအညီတောင်းပြီး ကြည့်တယ်။ အသွားတုန်းက ကား‌မောင်းတာက ညီမအမျိုးသားဖြစ်ပြီးတော့ အဝင်မှာတော့ ညီမအမျိုးသား မဟုတ်တော့ဘူး” လို့ ပြောပါတယ်။

အဲဒီနေ့ ၂ နာရီလောက်ကတည်းက မိသားစုဝင်တွေနဲ့ ဖုန်းအဆက်အသွယ် ပြတ်တောက် သွားခဲ့တာဖြစ်ပြီး နောက်တနေ့ ပြန်တွေ့တဲ့အချိန်မှာ ကိုဆန်းမျိုးမြင့်ဟာ အသက်သေဆုံးနေပြီဖြစ်ပါတယ်။

ပြီးတော့ ပါသွားတဲ့ Redmi 9 ဖုန်း ၁ လုံး၊ Redmi 10 ဖုန်း ၁ လုံး၊ စိန်လက်စွပ် ၂ ကွင်း၊ ငွေသားအနည်းငယ်နဲ့ အဖြူရောင် Suzuki Ertiga ကားပါ ပျောက်ဆုံးနေခဲ့ပါတယ်။

ညနေ ၄ နာရီကျော်လောက်မှာ ကိုဆန်းမျိုးမြင့် မပါဘဲ ပျောက်ဆုံးသွားတဲ့ကားနဲ့အတူ အမျိုးသား ၄ ယောက်ဟာ မန္တလေးဘက်ကို ပြန်လည်ဖြတ်သန်းလာခဲ့တယ်လို့ ၁၆ မိုင် အုန်းချောတိုးဂိတ် စီစီတီဗွီကနေ မှတ်တမ်းတွေ့ရှိခဲ့ရပါတယ်။

လူသတ်ပြီး ကားနဲ့ပစ္စည်း လုယက်ယူဆောင်ခဲ့သူတွေကို မန္တလေးရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ပြီး ဖမ်းဆီးမမိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ် ၁၂ ရက်၊ ၂၂ ရက်၊ ၂၈ ရက်တို့က ရန်ကုန် မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှာ တက္ကစီကားကို လုယက်ပြီး ယာဉ်မောင်းကိုလည်း ဓားနဲ့မွှန်း၊ ထိုးကြိတ်လုယက်သွားတာ ၃ ကြိမ်ရှိခဲ့ပါတယ်။

ဗဟန်းမြို့နယ်မှာ မတ် ၂၃ ရက်က ယာဉ်မောင်းကို ဓားနဲ့ထိုးပြီး ကားလုသွားတာကြောင့် ယာဉ်မောင်းသေဆုံးခဲ့ရပြီး မင်္ဂလာဒုံမြို့နယ်၊ ‌ဇေကမ္ဘာအိမ်ရာဝန်း၊ ဇေကမ္ဘာ ၅ လမ်းမှာ ဧပြီ ၆ ရက် ညနေက တက္ကစီကို လူ ၄ ယောက်က အုပ်စုဖွဲ့လုယက်ပြီး ယာဉ်မောင်းကို အုတ်ခဲနဲ့ ထုသွားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013