DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုအနောက်ခြမ်း ဗုံးကြဲခံရ၊ ဖယ်ခုံအစပ်က စစ်ရှောင်များ ရေနှင့် ဆန်ပြတ်လပ်
DVB
·
January 20, 2024
ဒီးမော့ဆိုအနောက်ခြမ်း ဗုံးကြဲခံရ၊ ဖယ်ခုံအစပ်က စစ်ရှောင်များ ရေနှင့် ဆန်ပြတ်လပ်
Donate to DVB

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာကို စစ်ကောင်စီက ဒီနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီးမော့ဆိုနဲ့ ဖယ်ခုံအစပ်က စစ်ရှောင်တွေ ရိက္ခာနဲ့ ရေပြတ်လပ်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၀ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်အချိန်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ်တချို့ ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “လေယာဉ်အသံက အရမ်းနိမ့်လာပြီး ပြေးပုန်းနေတဲ့အချိန် ကြဲပြီးနေပြီ။ တလုံးပြီးတလုံး ဆက်တိုက် ကြဲသွားတာ။ ပေါင် ၅၀၀ လို့ ထင်တာပဲ။ ဗုံးစတွေ ဒီဘက်ထိအောင် လာစင်တယ်။ အိမ်ခေါင်မိုးတချို့ ပေါက်ပြဲတာရှိတယ်” လို့ ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်ဘေးရှောင်ရိက္ခာဂိုဒေါင်ပျက်စီးတာ၊ နေအိမ်ခေါင်မိုးချို့ ဗုံးစထိမှန်ပျက်စီးတာ၊ မှန်ကွဲတာတွေဖြစ်ပြီး ပြည်သူထိခိုက်တာ မရှိဘူးလို့ ကနဦးသိရပါတယ်။

စစ်ရှောင် အမျိုးသားတယောက်က “စစ်ကောင်စီက သူတို့လုပ်ချင်ရာလုပ်နေတာပဲ။ သူတို့မှာ လေယာဉ်ရှိနေတော့ လေယာဉ်အားကိုးနဲ့ လုပ်နေတာပေါ့။ လေယာဉ်သံကြားရင် သတိထားပြီးတော့ နေတာပေါ့။ တကယ်မှ ထိသွားရင်လည်း ဘုရားရဲ့အလိုတော်ပါပဲ” လို့ ပြောပါတယ်။

ဇန်နဝါရီ ပထမအပတ်ကလည်း တိုက်ပွဲမဖြစ်ဘဲ ဒေါတမငယ်ကျေးရွာနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ့နေအိမ်တွေ ထိခိုက်ပျက်စီး ခဲ့ရပါသေးတယ်။

ဒီးမော့ဆိုနဲ့ ဖယ်ခုံအစပ်က စစ်ရှောင်တွေ ရိက္ခာနဲ့ ရေပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ရှောင်တွေဟာ အနီးအနားရွာတွေမှာ စစ်ရှောင်တဲ ဆောက်လုပ်တဲ့အခါ ဗုံးကြဲခံရမှာ စိုးရိမ်တဲ့အတွက် ရွာထဲမှာနေကြရလို့ အလှူရှင်သိပ်မလာကြတာလို့ ဆိုပါတယ်။

ထွန်းမြန်မာဒိုနေးရှင်းက တာဝန်ရှိသူ ကိုဖိုးဇော်က “တော်ရုံတန်ရုံ အလှူရှင်က ရွာထဲက လူဆို သိပ်မလှူကြဘူး။ အခုလှူတာက ရွာထဲအစွန်ဆုံးမှာ ကပ်နေတဲ့ ၄၊ ၅၊ ၁၀ အိမ်ပဲရှိတဲ့ စခန်းလေးပါ။ ရွာထဲကလူတွေကို အကုန်ခေါ်ပြီး လှူပေးရတာပေါ့။ အဲလို ရွာထဲနေသူဆို အရမ်းဒုက္ခရောက်တယ် အလှူရှင်လည်းမလာဘူးပေါ့” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ ဆန်နဲ့ရေ ပြတ်လပ်နေပြီး ရေနဲ့ဝေးတဲ့အတွက် ရေကားကို ပုံမှန်ထက် သယ်ယူစရိတ် ၂ ဆပေးရတာကြောင့် တလနေမှ တခါရေချိုးကြရပါတယ်။

သူတို့မှာ ဆန်ပြတ်လပ်တာ ၅ လလောက်ရှိနေပြီလို့ သိရကြောင်းလည်း ကိုဖိုးဇော်က ပြောပါတယ်။  

ကရင်နီပြည်နယ်မှာ ၁၁.၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ရှောင်ရတဲ့ပြည်သူထပ်တိုးလာလို့ စစ်ရှောင် ဦးရေ  ၃၀၀,၀၀၀ နီးပါးရှိနေပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နက်ရှိုင်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့အတူ ၂၀၂၄ ခုနှစ်မှာ ချောက်ကမ်းပါးမှာ ရပ်တည်နေရပြီး ပြည်သူတွေဟာ စိုးရိမ်ထိန့်လန့်နေရတယ် လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013