DVB Logo
Home
မြန်မာသတင်း
ရေး - မော်လမြိုင် လမ်းပေါ်က စစ်စခန်းတခု သိမ်းပိုက်ခံရ၊ လက်နက်ကြီးကြောင့် သထုံဒေသခံ ၂ ဦး ဒဏ်ရာရ
DVB
·
January 20, 2024
ရေး - မော်လမြိုင် လမ်းပေါ်က စစ်စခန်းတခု သိမ်းပိုက်ခံရ၊ လက်နက်ကြီးကြောင့် သထုံဒေသခံ ၂ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီ ကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးအင်အားစုက ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီ ကြိုးတံတားဂိတ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နှင့် ရေးသိမ်းငှက် ပူးပေါင်းတပ်ဖွဲ့တို့က မနေ့က မနက် ၈ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တစ်နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)တာဝန်ရှိသူတဦးက ပြောပါတယ်။

"တိုက်ပွဲက တနာရီလောက်ကြာသွားတယ်။ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးလောက်ကျသွားတယ်။ ဒဏ်ရာရပြီး ထွက်ပြေးသွားတဲ့သူတွေလည်း ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ၄ ဦးလောက်ထိသွားတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။"

ဒါ့အပြင် ၆၀ မမ လက်နက်ကြီး စိန်ပြောင်း ၁ လက်၊ MA-1 ၁ လက်၊ M16 A1 ၁ လက်၊ AK47 ၁ လက်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ ပေါက်ကြိုး ၉ ခွေ၊ 5.56 ကျည်ဘောက် ၅ ခု၊ Ak ကျည်ဘောက် ၁ ခု၊ MA ကျည်ဘောက် ၆ ခု၊ RPG ဗုံးသီး ၅ လုံး၊ အီနာဂါ ၂ လုံး၊ မီးကျည် ၁ လုံး၊ မိုင်းပစ္စည်းများ၊ လက်ပစ်ဗုံး ၁၂ လုံး၊ 380 ကျည် ၅ တောင့်၊ မှတ်ပုံတင် ၅ ခု၊ ဖုန်း ၁ လုံး ၊ လက်နက်ငယ်ကျည်တွေနဲ့ မော်တော်ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း MSRF ၏ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီ ခမရ -၅၈၈နဲ့ ခမရ - ၃၄၃ တို့က လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၄၀ ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့အထိ တော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒေသခံတယောက်ကလည်း တိုက်ပွဲဖြစ်ပြီးနောက် စခန်းကနေ အရေးပေါ် လူနာတင်ကား ၂ စီးနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ရေးမြို့ ပြည်သူ့ဆေးရုံဘက်ဘက်ကို တင်ဆောင်သွားတာတွေ့ရပြီး ကားလမ်းမှာတော့ ဒီမနက် ၁၁ နာရီလောက်အထိ ကားတွေ ၁ ဒါဇင်ကျော်မက ပိတ်မိနေတယ်လို့ ပြောပါတယ်။

ကြိုးတံတားတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ၅၈၈၊ ၃၄၃၊ မော့ကနင် ၁၀၆ က လက်နက်ကြီးနဲ့ပစ်လို့ စံပြမှာ ပိတ်မိနေတဲ့ ကားတန်းက လူအုပ်ကြီးနားကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ရေးမြို့ပြည်သူ့ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးရတယ်လို့လည်း သိရပါတယ်။

နှစ်ဖက်စလုံးရဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ လတ်တလောမှာ မေးမြန်းလို့ မရသေးပါဘူး။

သထုံမြို့နယ်မှာလည်း ဇန်နဝါရီ ၁၈ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ် အမှတ် ၉ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့လို့ သထုံမြို့နယ်၊ ကော့လှိုင်းရွာလေးနဲ့ ကုလားကုန်းရွာအကြား လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

KNU ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ‘ကျိုက်ကော်က စျေးဝယ်ပြန်လာတဲ့ ကေအန်ယူ-သထုံမြို့နယ်၊ ကော့လှိုင်းရွာကြီးနေ အသက် ၅၇ နှစ်အရွယ် စောသန်းမြင့် ညာဘက်ခြေထောက် ကြေမွဒဏ်ရာရပြီး အသက် ၅၅ နှစ်အရွယ် နောကူးကူးမှာတော့ ယာဘက်ပေါင် လက်နက်ကြီးကျည်စထိမှန် ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတယောက်ကလည်း အဲဒီလင်မယားဈေးဝယ်ပြန်လာတုန်း လမ်းမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး သူတို့ ဘေးနားကျပေါက်ပြီး ထိမှန်ခဲ့တာလို့ ပြောပါတယ်။

သူတို့ကို နီးစပ်ရာဆေးရုံမှာ ကုသပေးနေပြီး ယောကျာ်းဖြစ်သူရဲ့ ညာဘက်ခြေထောက် ဖြတ်တောက်လိုက်ရတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013