DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်ရန် NUGကို Milk Tea Alliance တိုက်တွန်း
DVB
·
January 20, 2024
တရုတ်နိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်ရန် NUGကို Milk Tea Alliance တိုက်တွန်း
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားထုတ်ပြန်ချက်ကို ပြန်လည်သုံးသပ်ဖို့  ဒေသတွင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ Milk Tea Alliance အဖွဲ့က တောင်းဆို တိုက်တွန်းလိုက်ပါတယ်။ 

တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးမူဝါဒ သဘောထား တရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး Milk Tea Alliance အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်သလို မြန်မာ့စီးပွားရေးအတွက်လည်း အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် NUG အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တည်ဆောက်တာ မှန်ကန်ပေမဲ့ အဲဒီဆက်ဆံရေးဟာ မြန်မာနိုင်ငံသားတို့ရဲ့ဆန္ဒနဲ့ ဆန့်ကျင်မှု မရှိသင့်သလို NUG ရဲ့ တခြားမိတ်ဖက်အဖွဲ့အစည်း/နိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုမပါတဲ့ တသီးပုဂ္ဂလဆုံးဖြတ်ချက်နဲ့ တည်ဆောက်တဲ့ ဆက်ဆံရေးမဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

NUG ရဲ့ အဲဒီ သဘောထားထုတ်ပြန်ချက်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့အကြိုက်လိုက်ထားပြီး နွေဦးတော်လှန်ရေးရဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေနဲ့လည်း သွေဖည်နေတယ်လို့ Milk Tea Alliance က ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာစစ်အာဏာရှင်တွေကို ဒုတိယအများဆုံး လက်နက်ရောင်းချ ထောက်ပံ့နေတဲ့နိုင်ငံလည်းဖြစ်ပြီး အဲဒီလက်နက်ထောက်ပံ့မှု လမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

စစ်ဆင်ရေး ၁၀၂၇ နဲ့ အခုနောက်ပိုင်း တရုတ်ရဲ့ ကြားဝင်ဖြန်ဖြေမှုတွေကို ကြည့်ရင် တရုတ်ဟာ သူ့ရဲ့ အကျိုးစီးပွားကိုသာ အလေးထားတာဖြစ်ကြောင်းနဲ့ သူတို့ရဲ့ ခါးပတ်လမ်းကြောင်းစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အရင်းအမြစ်တွေကို ကာကွယ်ဖို့သာ ဆောင်ရွက်သွားမှာဖြစ်တယ်၊ တရုတ်က စစ်အာဏာရှင်တွေကို ထောက်ပံ့ပေးနေပြီး လက်နက်တွေရောင်းချပေးနေတာက မြန်မာနိုင်ငံသားတွေကို ထိခိုက်နစ်နာစေတယ်လို့ ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ တင်းကျပ်စွာဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရဖြစ်ပြီး NUG က ဖော်ပြထားတဲ့ စံနှုန်းတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြောင်း၊ တရုတ်ရဲ့ ဖိနှိပ်မှုတွေကို ဟောင်ကောင်၊ တိဘက်နဲ့ ရှင်းကျန်းဒေသတွေမှာသာမက တရုတ်ပြည်မက ဖိနှိပ်မှုနဲ့ ဆင်ဆာဖြတ်တောက်မှုတွေကို ကြည့်ပြီးသိနိုင်ကြောင်း၊ တရုတ်ဟာ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ အချုပ်အခြာအာဏာကိုလည်း ခြိမ်းခြောက်နေကြောင်း Milk Tea Alliance ရဲ့ တောင်းဆိုချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရက ထုတ်ပြန်တဲ့ မူဝါဒတွေထဲမှာတော့ မြန်မာပြည်မှာရှိနေတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ်တရုတ် တနိုင်ငံတည်းမူဝါဒကို ဆက်လက် လက်ခံကျင့်သုံးမယ်ဆိုတာတွေ ပါဝင်ပါတယ်။

တရုတ် တနိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမယ်ဆိုတဲ့ အချက်ဟာ မူမမှန်တဲ့ ရပ်တည်ချက်ဖြစ်ပြီး ကိုယ်တိုင်အတွက် မြန်မာနိုင်ငံမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင် အချုပ်အခြာအာဏာတည်ဆောက်ဖို့ကြိုးစားနေတဲ့ NUG အနေနဲ့ ထိုင်ဝမ်၊ ဟောင်ကောင်၊ တိဘက်၊ ရှင်းကျန်းဒေသတွေမှာ ဖိနှိပ်ချုပ်ခြယ်ခံနေရတာကိုကျတော့ ဘယ်လိုခံယူချက်နဲ့ ထောက်ခံ အားပေးနိုင်တာလဲလို့ Milk Tea Alliance  က မေးခွန်းထုတ်ထားပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ဘယ်အဖွဲ့ အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအများစုဟာ အာဏာရှင်နိုင်ငံတွေသာဖြစ်ပြီး သူတို့ရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အဖွဲ့အစည်းတွေဆိုတာဟာ အလွန်ကျယ်ပြန့်တဲ့ အသုံးအနှုန်းဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေက အာဏာရှင်အစိုးရတွေရဲ့ ဆန္ဒအလျောက်ပြောင်းလဲနေမှာဖြစ်တယ်၊ ဒါကြောင့် ဒီအချက်ကို NUG က သေချာမသုံးသပ်ဘဲ ထုတ်ပြန်ခဲ့တယ်လို့ သံသယရှိကြောင်း Milk Tea Alliance က ဝေဖန်ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့နဲ့ NUG ရဲ့ ရပ်တည်ချက်တွေဟာ တော်လှန်ရေးဆိုင်ရာ မူဝါဒတွေနဲ့ လိုက်လျောညီထွေရှိ မရှိ ပြန်လည်သုံးသပ်ဖို့ Milk Tea Alliance က တောင်းဆိုလိုက်ပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်က ဘယ်လိုသဘောသက်ရောက်စေကာမူ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်မယ့် မြန်မာလူထုရဲ့နွေဦးတော်လှန်ရေးနဲ့ အတူဆက်လက်ရပ်တည် အားပေးနေတယ်လို့ Milk Tea Alliance က ပြောပါတယ်။

Milk Tea Alliance ဟာ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတွေက အွန်လိုင်းအသုံးပြုသူတွေ စတင်ခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာ၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့က အွန်လိုင်းအသုံးပြုသူတွေပါ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။

NUG ရဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားတွေဟာ အန်အယ်လ်ဒီ အစိုးရအပါအဝင် အရင်အစိုးရ အဆက်ဆက်ကျင့်သုံးခဲ့တဲ့ မူဝါဒတွေအတိုင်း အပြောင်းအလဲမရှိဆက်လက်ဖော်ပြထားတာဖြစ်ပြီး  ၂၀၂၁ စစ်အာဏာ မသိမ်းခင် နှစ်နိုင်ငံနယ်နိမိတ်စာချုပ်တွေနဲ့ နှစ်နိုင်ငံသဘောတူစာချုပ်တွေကိုပဲ မြန်မာနိုင်ငံက ဆက်လက်တာဝန်ယူမယ်ဆိုတဲ့ အချက်သာထူးထူးခြားခြား ပါဝင်တာဖြစ်ပါတယ်။

တရုတ် တနိုင်ငံတည်း မူဝါဒဟာလည်း တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေသာမက အမေရိကန်ပါအဝင် ကမ္ဘာ့နိုင်ငံအများစု လက်ခံကျင့်သုံးနေတဲ့ မူဝါဒဖြစ်ပါတယ်။ 

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့ အကောင်းမြင်တယ်လို့  ဒီဗွီဘီကို ပြောထားပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံဟာ အိမ်နီးချင်းဖြစ်နေတာကြောင့် မဖြစ်မနေ ဆက်ဆံနေရမှာဖြစ်သလို တရုတ်အနေနဲ့လည်း တော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်လို့ အနောက်အုပ်စုနဲ နီးကပ်သွားမှာကို စိုးရိမ်တာတွေလည်း ရှိနေတာကြောင့် အခုလိုမျိုး ကြားနေမူဝါဒကို လက်ဦးမှုရှိရှိ ပြသထားတာ ကောင်းတယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

ဒါပေမဲ့ တော်လှန်ရေး အောင်မြင်ဖို့အတွက်တော့ မြန်မာပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးရမှာ ဖြစ်ပြီး အကုန်လုံးနဲ့ ဆက်ဆံရေးကောင်းအောင် ဆောင်ရွက်ရမယ်လို့လည်း ပြောပါတယ်။

Photo- Milk Tea Alliance Philippines

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013