DVB Logo
Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေထဲသို့ စစ်တပ်က လက်နက်ကြီးပစ်
DVB
·
January 20, 2024
မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေထဲသို့ စစ်တပ်က လက်နက်ကြီးပစ်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၈ နဲ့ ၁၉ ရက်တို့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက် ည ၁၁ နာရီကျော်လောက်က ကမ်းနီကျေးရွာကို စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၉ ရက်မနက် ၉ နာရီလောက်မှာလည်း  ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ရွာနားမှာ နယ်မြေစိုးမိုးရေးကင်းလှည့်နေတုန်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာပါ။

ကျောင်းရွာ ဒေသခံတယောက်က “ညက အိပ်နေတုန်း လက်နက်ကြီးသံ ၄ ချက် ရုတ်တရက် အသံကျယ်ကြီး ကြားရတာ။ နောက်တော့ တပ်ကနေ ပစ်နေတာသိရတယ်။ တပ်က ညဘက် ကင်းပုန်းဝပ် နေရာယူထားတယ်” လို့ ပြောပါတယ်။

ကျောင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို PDF တွေ ဝိုင်းထားတယ် သတင်းရလို့ ရွာထဲကို လက်နက်ငယ်ရော ရမ်းပစ်နေပြီး ဒေသခံတွေကတော့ အဲဒီသတင်းရလို့ ညနေကတည်းက တိမ်းရှောင်နေကြတယ်လို့လည်း ဆိုပါတယ်။

ရေးတောင်ပိုင်း ဒေါနစစ်ကြောင်းမှူး စောဒါးကိုကလည်း “ညက ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ကမ်းနီတောင်ရွာနား ကျတယ်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဘက်မှာ ကျမှန်ခဲ့တာ။ လူထိခိုက်မှုတော့ မရှိဘူး။ ခြံတချို့တော့ ပျက်စီးသွားခဲ့တယ်” လို့ ပြောပါတယ်။

ရေးမြို့နယ်၊ ကျောင်းရွာကစစ်တပ်အပြင် ကလော့ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် ၃၁၆ ကလည်း ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ နီးစပ်တဲ့ဒေသခံတယောက်ကလည်း အခုလို မွန်ပြည်သစ် ပါတီဘက်ကို လက်နက်ကြီးပစ်ခတ်ခံရတဲ့အပေါ်မှာ လုံခြုံမှုမရှိသလိုခံစားရပြီး မွန်သံဃာတော်တချို့နဲ့ မွန်လူငယ်တွေက မကျေနပ်ကြဘူးလို့ ပြောပါတယ်။

ဒေသခံတယောက်ကလည်း “စစ်တပ်က ပစ်လိုက်တာ။ ရွာထဲတော့မကျဘူး။ ရွာပြင်က ကွမ်းသီးခြံထဲကို ကျတာ။ ကွမ်းပင်တွေတော့ ပျက်စီးကုန်တာပေါ့။ လူတော့ ထိခိုက်မှုမရှိဘူး။ ကွမ်းပင် ၁၀၀ ကျော်လောက် ဆုံးရှုံးသွားတာပေါ့။ လူမထိဘူးဆိုပေမယ့် ရွာထဲမှာတော့ အားလုံးကြောက်နေကြပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ကျောင်းရွာ ခမရ ၅၉၁ တပ်ရင်းကို ရေးဘီးလူးအဖွဲ့က ၄၀ မမနဲ့ ပစ်ခတ်ခဲ့အပြီး ပြန်ဆုတ်တဲ့အချိန်မှာ စစ်တပ်ကင်းပုန်းနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ လည်း သိရပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေတခုဖြစ်တဲ့ ရေးမြို့နယ်၊ ကမ်းနီကျေးရွာမှာ နှစ်စဉ်ရိုးရာမပျက် သဲပုံစေတီပွဲကို ကျင်းပပြုလုပ်လေ့ရှိပြီး အခု အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေ ရောက်ရှိနေချိန် အခုလိုဖြစ်စဉ်မျိုး တခါမှ မရှိခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက် မနက် ၈ နာရီ ၄၅ မိနစ်လောက်ကလည်း ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ရွာနားမှာ တောင်ညို တပ်ခွဲ ၃ နဲ့ YPDF North (ပကဖ)  တို့ နယ်မြေစိုးမိုးရေးလုပ်နေတုန်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဲဒီနေရာဟာ မော့ကနင်ရွာနဲ့ ၂ ဖာလုံလောက်အကွာမှာရှိပြီး ခလရ ၁၀၆ တပ်ရင်းလည်း ရှိပါတယ်။

ဒေသခံတယောက်က “ရေး သံဖြူဇရပ်ကားလမ်းမှာက စကစတပ်ဂိတ်လည်းရှိတယ်။ PDF တွေ စစ်ဆေးနေတာလည်းရှိသလို စကစတပ်ဂိတ်နဲ့က PDF တွေရှိနေတဲ့ နေရာနဲ့က မလှမ်းမကမ်းပဲ။ တခါတလေ ထိတွေ့ပစ်ကြတာလည်းရှိသလို ဘာမှ မပစ်ကြဘဲ နေကြတာလည်း ရှိပါတယ်။ လမ်းမှာ အစစ်အဆေးများတော့ ခရီးသွားအတွက် မလုံခြုံသလို ခံစားရတယ်” လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ နိုင်ငံရေး ဆွေးနွေးတာတွေလုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးတာကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013