DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် ခိုလှုံခွင့်တောင်းခံသူများကို ရဝမ်ဒါပို့မည့် ဥပ‌ဒေကြမ်း အတည်ပြုပေးရန် ဝန်ကြီးချုပ် တောင်းဆို
DVB
·
January 19, 2024
ဗြိတိန်တွင် ခိုလှုံခွင့်တောင်းခံသူများကို ရဝမ်ဒါပို့မည့် ဥပ‌ဒေကြမ်း အတည်ပြုပေးရန် ဝန်ကြီးချုပ် တောင်းဆို
Donate to DVB

ဗြိတိန်မှာခိုလှုံဖို့ ကြိုးပမ်းသူတွေကို ရဝမ်ဒါနိုင်ငံသို့ပို့မယ့် ဥပဒေကြမ်းကို ပါတီတွင်း  ကန့်ကွက်မှုတွေကြားထဲက အောက်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပြီးတဲ့နောက်မှာ အထက်လွှတ်တော်ကလည်း မြန်မြန်ဆန်ဆန် အတည်ပြုပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနတ်ခ်က ဇန်နဝါရီ ၁၈ ရက်မှာ တောင်းဆိုပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် လူထုက ရွေးကောက်ထားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အရပ်သားလွှတ်တော်လို့ ခေါ်တဲ့ အောက်လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတရပ်ကို အထက်လွှတ်တော်က ကန့်ကွက်တာ၊ ပြင်ဆင်တာ အများကြီး လုပ်လေ့လုပ်ထ မရှိပါဘူး။

ဒါပေမဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းလာချိန်၊ ပါတီတွင်းမှာတောင် ဒီဥပဒေအပေါ် အငြင်းပွားနေကြချိန်မှာတော့ အထက်လွှတ်တော်ကလည်း ပြင်ဆင်ဖို့ကြိုးစားတာ၊ နောက်ရွေးကောက်ပွဲမတိုင်မီအထိ အချိန်ဆွဲထားတာ ဖြစ်လာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် လက်ထက်က စခဲ့တဲ့ ရဝမ်ဒါပို့ဖို့ အစီအစဉ်ဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ဗြိတိန်တရားရုံးတွေက မနှစ်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် ဆူးနတ်ခ်က ရဝမ်ဒါနိုင်ငံနဲ့ သဘောတူညီချက်အသစ်ယူပြီး ဥပဒေအသစ် ပြန်ရေးခဲ့တာ ဖြစ်ပါတယ်။

ရဝမ်ဒါပို့ဖို့အမိန့်ကို ခိုလှုံဖို့ ဝင်ရောက်လာသူတွေ ကန့်ကွက်လို့ခက်အောင် လုပ်ထားတဲ့ ဥပဒေသစ်ကို သူ့ပါတီတွင်းမှာတင် ကန့်ကွက်သူ ၆၀ လောက် ရှိပါတယ်။ တချို့ကကျတော့ သူတို့ပြင်ဆင်စေချင်တဲ့ အချက်တွေ ထည့်မပေးလို့ မကျေနပ်ကြတာပါ။

ဒါပေမဲ့ နောက်ဆုံးမှာ ပါတီတွင်းကန့်ကွက်သူ ၁၁ ယောက်ပဲ ကျန်ခဲ့ပြီး  အောက်လွှတ်တော်မှာ ၃၂၀ မဲ ၂၇၆ မဲနဲ့ အတည်ပြုနိုင်ခဲ့တာပါ။

ခိုလှုံဖို့ရောက်လာသူတွေကို ဒီလို နှင်ထုတ်တာကို ဥရောပ လူ့အခွင့်အရေးတရားရုံးကလည်း တာမြစ်မိန့်ချလာနိုင်ပေမဲ့ အဲဒီလို ပြည်ပတရားရုံးက ဝင်စွက်ရင် ဆန့်ကျင်မယ်လို့ပါ ဆူးနတ်ခ်က ပြောထားပါတယ်။

တကယ်လို့ ဥပဒေအတည်ဖြစ်ရင်တောင် အဲဒီဥပဒေအရ ရဝမ်ဒါကို နှင်ထုတ်ဖို့ အကြုံးဝင်တဲ့လူ ၅,၀၀၀ ထဲက ၈၅ ရာခိုင်နှုန်းလောက် အခု ဘယ်ရောက်နေမှန်း မသိဘူး ဆိုတဲ့ အချက်ကို အတိုက်အခံဘက်က ထောက်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013