DVB Logo
Home
နိုင်ငံတကာ
ထိုင်းဘုရင်ကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသူ ထောင်ဒဏ်နှစ် ၅၀ ချမှတ်ခံရ
DVB
·
January 19, 2024
ထိုင်းဘုရင်ကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသူ ထောင်ဒဏ်နှစ် ၅၀ ချမှတ်ခံရ
Donate to DVB

ထိုင်းဘုရင်နဲ့ နန်းတော်ကို ထိရှစေတဲ့ ဝေဖန်ချက်တွေ လူမှုကွန်ရက်ပေါ်မှာ ရေးသားတင်ပြခဲ့သလို ထီးနန်းဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ နဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ ထိုးအမျိုးသားတယောက်ကို  ထိုင်းတရားရုံးက ထောင်ဒဏ် နှစ်ပေါင်း ၅၀ ချမှတ်လိုက်တယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အသက် ၃၀ အရွယ် နိုင်းမုံးခုန်း ထိရခုတ် ခေါ် ဘတ်စ်ဘတ် ဆိုသူ လူရွယ်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်ကဖြစ်ပြီး အဝတ်အထည်ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတဦး ဖြစ်ပါတယ်။

ဒါပေမဲ့ သူနဲ့အတူ ဆန္ဒပြခဲ့တဲ့ အပေါင်းအသင်းတချို့ဟာ ပုဒ်မ ၁၁၂ ဘုရင့်ထီးနန်းဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းပြီး ဖမ်းဆီးထောင်ချခံထားရတာကြောင့် ပုဒ်မ ၁၁၂ ပြင်ဆင်ရေးနဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး တစိုက်မတ်မတ် တောင်းဆိုခဲ့သလို ဘုရင်စနစ်နဲ့ တော်ဝင်မိသားစုအပေါ် ဝေဖန်တဲ့ ပို့စ်တွေလည်း ရေးသားခဲ့ပါတယ်။

အဆိုပါပို့စ်တွေမှာ စုစုပေါင်း ၂၇ ခုရှိပြီး ဘုရင်စနစ်ထောက်ခံကာကွယ်သူများဘက်က သူ့ကို ဖမ်းဆီးအရေးယူပေးဖို့ သက်ဆိုင်ရာကို တိုင်ကြားခဲ့တာပါ။

ချင်းရိုင်းခရိုင် ဗဟိုတရားရုံးက ဒီအမှုကို စစ်ဆေးရာမှာ ပို့စ် ၁၄ ခုသာ ပုဒ်မ ၁၁၂ (ဘုရင့်ထီးနန်းနဲ့ တော်ဝင်မိသားစုများအား ကာကွယ်ရေးဥပဒေ) နဲ့ ငြိစွန်းပြီး ကျန်တဲ့ ၁၃ ခုကတော့ မည်သူမည်ဝါကို ညွှန်းဆိုကြောင်း တိုက်ရိုက်ဖော်ပြခြင်း မရှိတဲ့အတွက် အမှုမှ ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပါ ပို့စ် ၁၄ ခုအတွက် တခုကို ထောင်ဒဏ် ၂ နှစ်နှုန်းနဲ့ စုစုပေါင်း ၂၈ နှစ်ကျခံဖို့  အမိန့်ချမှတ်ခဲ့ပါတယ်။

သူဟာ ထောင်ထဲမှာလည်း အစာငတ်ခံ ဆန္ဒပြတာတွေ လုပ်ခဲ့ပါတယ်။ ဒီ့နောက် သူ့ရှေ့နေတွေရဲ့ ကြိုးပမ်းမှုနဲ့ အပြင်ကနေ တရားရင်ဆိုင်ဖို့ အာမခံရထားပါတယ်။

သူဟာ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်နေရပေမဲ့လည်း အမှတ်သည်းခြေမရှိဘဲ ချင်းရိုင်းမြို့လယ်ရှိ ဒဿမမြောက် ထိုင်းဘုရင်ကြီးရဲ့ ဓာတ်ပုံကြီး ချိတ်ဆွဲထားရာ အုတ်တံတိုင်းပေါ်တက်ပြီး ပုဒ်မ ၁၁၂ နဲ့ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြတာတွေ ဆက်လုပ်နေတာကြောင့် ဘုရင်စနစ် ထောက်ခံကာကွယ်သူဘက်က အယူခံဝင်ထားတဲ့အမှုကို ပြန်လည်စစ်ဆေးဖို့၊ ထပ်မံအရေးယူ အပြစ်ပေးဖို့ တိုင်ကြားခံခဲ့ရပါတယ်။

ချင်းရိုင်းခရိုင် ဗဟိုတရားရုံးက အဆိုပါအမှုကို မနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၉ နာရီမှာ ချိန်းဆိုကြားနာပြီး သူ့ကို နောက်ထပ် ထောင်ဒဏ် ၂၂ နှစ် ပြစ်ဒဏ်ပေးဖို့ စီရင်ဆုံးဖြတ်လိုက်တာကြောင့် သူဟာ စုစုပေါင်း ထောင်ဒဏ် အနှစ် ၅၀ အပြစ်ပေးခံရပါတယ်။

အရင်က ခွန်အန်းချန်း ဆိုသူ အမျိုးသမီးတဦးမှာ ပုဒ်မ ၁၁၂ ငြိစွန်းမှုနဲ့ ထောင်ဒဏ် ၄၃ နှစ် ၆ လ အပြစ်ပေးခံရပြီး ဒီ ဘတ်စ်ဘတ်ကတော့ ထောင်ဒဏ် နှစ် ၅၀ ထိ ချမှတ်ခံရတာကြောင့် အကြီးလေးဆုံးပြစ်ဒဏ် အပေးခံရသူအဖြစ် ရာဇဝင်တင်သွားပါတယ်။

တရားရုံးက စီရင်ချက်ချပြီးတာနဲ့ တပြိုင်နက် သူ့ကို ချင်းရိုင်းဗဟိုတရားရုံး အကျဉ်းထောင် ပို့လိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဘုရင်၊ မိဖုရားနဲ့ တော်ဝင်မိသားစုတွေ ဂုဏ်သရေကျဆင်းအောင် ဘယ်သူမှ ဝေဖန်ခွင့်မရှိပါဘူး၊ ဝေဖန်စော်ကားလို့ မရအောင်လည်း ပုဒ်မ ၁၁၂ နဲ့ ကာကွယ်ထားပါတယ်။

ဒါပေမဲ့ တဦးနဲ့တဦး မလိုမုန်းထားရှိသူတွေက အဆိုပါ ပုဒ်မ ၁၁၂ ကို အလွဲသုံးစားလုပ်ပြီး ကုန်းချောတာတွေ၊ အမှုဆင်တာတွေ ရှိတာကြောင့် ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူတွေက ဥပဒေပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခု မေလ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ Future Forward Party က ဆန္ဒမဲ အများဆုံးနဲ့ အနိုင်ရခဲ့ပေမဲ့လည်း ပါတီပေါ်လစီမှာ ပုဒ်မ ၁၁၂ ပြင်ဆင်ရေးဆိုတဲ့အချက် ပါရှိတာကြောင့် အထက်လွှတ်တော်အမတ်တွေက မထောက်ခံလို့ အစိုးရဖြစ်ခွင့် မရခဲ့ပါဘူး။

ပါတီခေါင်းဆောင် ထိမ်းဖိထားမှာလည်း ပုဒ်မ ၁၁၂ ပြင်ဆင်ဖို့ကြိုးပမ်းမှု၊ အိုင်တီဗွီ မီဒီယာ ရှယ်ယာပါဝင်မှုတွေနဲ့ အမှုရင်ဆိုင်နေရပြီး အမှုရှုံးက ပါတီဖျက်သိမ်းခံရမယ့် အရေးနဲ့လည်း ကြုံနေရပါတယ်။

Source/ Photo Matichon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013