DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို ပင်ဝါးရုံစစ်ရှောင်စခန်းရှိ ဒုက္ခသည် ၈၀ ကျော်  ရာသီတုပ်ကွေးရောဂါဖြစ်နေ
DVB
·
January 19, 2024
ဒီးမော့ဆို ပင်ဝါးရုံစစ်ရှောင်စခန်းရှိ ဒုက္ခသည် ၈၀ ကျော်  ရာသီတုပ်ကွေးရောဂါဖြစ်နေ
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ပင်ဝါးရုံစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်ပြည်သူ အယောက်  ၈၀ ကျော်ကို  ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေတယ်လို့ ဒေသတွင်း လှည့်လည် ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေသူတွေထံက သိရပါတယ်။  

ပင်ဝါးရုံစစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၅၀ ကျော်မှာ ၈၀ ကျော်က ရာသီဥတု အကူးအပြောင်းကြောင့် ရာသီတုပ်ကွေးဖြစ်ပွားနေကြလို့  ဇန်နဝါရီ ၁၈ ရက်မှာ Loikaw Local PDF - Alpha 4 အဖွဲ့နဲ့ ကရင်နီဧည့်သည်ဆေးခန်းအဖွဲ့က ဆေးတာဝန်ခံတွေက သွားရောက် ကုသပေးခဲ့တယ်လို့ သိရပါတယ်။

Loikaw Local PDF Alpha 4 အဖွဲ့က ဆေးတာဝန်ခံ တဦးက "အခု တော်တော်များများ ကလေးတွေရော အကုန်ဖျားနေကြတာ။ ဖျားတာ  ၄ ၊ ၅ ရက်ရှိတဲ့သူရော၊ နှစ်ပတ်သုံးပတ်ထိ ဖြစ်တာလည်းရှိတယ်။ အဓိကကတော့ အအေးမိတာ။ စောင်မလောက်တာတွေကြောင့် ဖျားတာ။  ပြီးတော့ သွေးတိုးနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်တာလည်းရှိတယ်"လို့ ပြောပါတယ်။

ပင်ဝါးရုံစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်သူတွေဟာ စစ်ရှောင်ကာလ ၃ နှစ်နီးပါးထိရှိနေပြီး ထပ်တိုးလာတဲ့ စစ်ဘေးရှောင်တွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက "အခုစစ်ရှောင်စခန်းမှာ ရာသီတုပ်ကွေးဖြစ်တဲ့သူတွေက များတယ်။ တချို့ဆို တမိသားစုလုံး ဖြစ်တာလည်းရှိတယ်။ ချောင်းဆိုးတာ တလလောက်ရှိတဲ့ သူလည်း ရှိတယ်။ ဆေးတွေကလည်းမလောက်ဘူး။ ဝယ်သောက်ဖို့လည်း မတတ်နိုင်ဘူး"လို့ ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆောင်းကာလအတွင်း ရာသီတုပ်ကွေးဖြစ်ပွားတဲ့ စစ်ဘေးရှောင် စခန်း ၄ ခုမက ရှိနေပြီး ဆေးဝါး မလုံလောက်တာ၊ ကိုယ်တိုင်ဝယ်ယူဖို့ ဆေးဝါးစရိတ် ကြီးတာ၊ အနွေးထည်နဲ့ စောင်တွေ မလုံလောက်တာတွေကြောင့် ရာသီတုပ်ကွေးဖြစ်ပွားသူတွေ များနေတယ် လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

photo-Loikaw Local PDF Alpha 4

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013