DVB Logo
Home
မြန်မာသတင်း
ပင်လောင်းရှိ ကရင်နီစစ်ဘေးရှောင်  ၂၈၀၀၀ ကျော် စားဝတ်နေရေး အခက်ကြုံ
DVB
·
January 19, 2024
ပင်လောင်းရှိ ကရင်နီစစ်ဘေးရှောင်  ၂၈၀၀၀ ကျော် စားဝတ်နေရေး အခက်ကြုံ
Donate to DVB

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တောင်ပိုင်းကိုရောက်ရှိနေတဲ့ ကရင်နီစစ်ဘေးရှောင်ပြည်သူ ၂၈၀၀၀ ကျော်ဟာ အလုပ်အကိုင်ရှားပါးမှုနဲ့ အလှူရှင်နည်းပါးမှုကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံနေရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ အရင်က အလှူရှင် ထောက်ပံ့မှုတွေရခဲ့ပေမဲ့ စစ်ရှောင်ရက် ကြာလာတာနဲ့အမျှ ထောက်ပံ့မှုမရရှိတော့ဘဲ အလုပ်အကိုင်ကလည်း ရှားပါးတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေကို ကြုံနေရတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်အကူအညီပေးနေသူတစ်ဦးက  “ဖယ်ခုံ၊ လွိုင်ကော်၊ မိုးဗြဲဘက်ကသူတွေပေါ့၊ ထောက်ပံ့ပေးတာက မရှိတော့ဘူး။ အွန်လိုင်းပေါ်က အလှူရှင်တွေလည်း မရှိတော့ဘူး၊ သူတို့အစီအစဉ်နဲ့ သူတို့လာတယ်။ မရှိတဲ့ကြားထဲက တဲထိုးပြီးနေတယ်။ တချို့ဆိုမတတ်နိုင်လို့ မြေကြီးပေါ်မှာပဲ အိပ်လိုက်ရသူတွေရှိတယ်” လို့ ပြောပါတယ်။

ပင်​လောင်းမြို့နယ်ရောက် စစ်ဘေးရှောင်တွေဟာ ခြံရှင်းတာ၊ ပြောင်းဖူးချိုးတာ စတဲ့အလုပ်တွေကို ရံဖန်ရံခါ လုပ်ကိုင်ကြရပေမဲ့ စစ်ဘေးရှောင်ဦးရေကများပြီး အလုပ်အကိုင်က နည်းပါးတဲ့အတွက် အလုပ်ရဖို့ခက်ခဲနေတာ ဖြစ်ပါတယ်။

ကုန်စျေးနှုန်းကြီးမြင့်ပြီး အလှူရှင်လည်းမရှိတော့တဲ့အတွက် စစ်ဘေးရှောင်တွေဟာ ထမင်းစားရဖို့တောင် ခက်ခဲနေတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေက ဆိုပါတယ်။

စစ်ဘေးရှောင်တွေဟာ ကျေးရွာအတွင်းက နေအိမ်အချို့မှာ ကပ်နေကြသလို ရွာကပေးတဲ့မြေနေရာမှာ စစ်ရှောင်စခန်းဆောက်လုပ်နေထိုင်တာနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြပါတယ်။

နောက်ကျမှရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နေစရာမရှိတဲ့အတွက် အိမ်ငှါးနေထိုင်ကြရပြီး အိမ်ငှါးခကလည်း ကျပ်တစ်သိန်းအထိ စျေးရှိနေတယ်လို့သိရပါတယ်။

မိုးဗြဲကစစ်ဘေးရှောင်လာသူ အမျိုးသမီးက“ အငှါးလိုက်တယ်၊ ပြောင်းဖူးချိုးတယ်၊ ဒီရာသီကုန်ရင်တော့ အလုပ်မရှိတော့ဘူး အလုပ်လက်မဲ့များတယ်၊ အစိုးရစာသင်ကျောင်းဝိုင်းမှာ မိုးကာတဲနဲ့နေကြတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မှာ ရာသီဥတုကအေးတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အဝတ်အထည်နဲ့ အနွေးထည် မလုံလောက်မှုတွေလည်း ကြုံနေရတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ဆိုပါတယ်။

ပင်လောင်းမှာ အရင်က မိုးဗြဲဖယ်ခုံအစပ်က စစ်ဘေးရှောင်တချို့ရှိခဲ့ပေမဲ့ ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ဘေးရှောင်လူဦးရေတိုးလာတာ ဖြစ်ပါတယ်။

ပင်လောင်းမြို့နယ်တောင်ပိုင်းက စစ်ရှောင်စခန်း ၁၈ ခုမှာ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော် စတဲ့မြို့တွေက စစ်ဘေးရှောင်ပြည်သူ ၂၈၀၀၀ ကျော်နေထိုင်ကြတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ကူညီပေးနေသူက“ အေးတဲ့အတွက် ရာသီတုပ်ကွေးဖြစ်တာများတယ်၊ စစ်ရှောင်တွေက ဖုန်းဆက်ပြီး အကူအညီလှမ်းတောင်းတာရှိတယ်။ ကျနော်လည်းမရှိတော့ ဘာမှ မလုပ်ပေးနိုင်ဘူး၊ ရာသီတုပ်ကွေးဖြစ်တာက ကလေးတွေများတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကစလို့ မြန်မာနိုင်ငံအနှံ့အပြားမှာတိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပြီး မြန်မာ့လူဦးရေရဲ့ ၂ ဒသမ ၆ သန်းကျော် တိုက်ပွဲရှောင် ထွက်ပြေးနေကြရကာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ UNOCHA ရဲ့ ဇန်နဝါရီ ၁၂ ရက်ထုတ် အစီရင်ခံစာမှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013