
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းမယ်လို့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ပြောကြားလိုက်ပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ သြဂုတ် ၇ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပါတီဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖက ပြောကြားခဲ့တာပါ။
SSPP အနေနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းဖို့ စိတ်ဆန္ဒရှိပြီး လက် ရှိမှာလည်း တပ်မတော်နဲ့လည်း ထိတွေ့မှုမရှိဘဲ အတိတ်က ဖြစ်စဉ်တွေကို အမြဲသင်ခန်းစာ ယူနေတယ်လို့ ဆွေးနွေးပွဲမှာ စဝ်ဆေပိုင်ဖကပြောကြားခဲ့တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေး က ထုတ်ပြန်ပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ပေါက်လာရေးကို အခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးမူကိုလည်း အမြဲကိုင်စွဲကာ ဒေသဖွံ့ဖြိုးရေးကို ကြိုးစားဆောင်ရွက်နေတယ်လို့လည်း စဝ်ဆေပိုင်ဖက ဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ ပညာရေး၊ ကျန်းမာရေး၊ ဝမ်ဟိုင်းဒေသမှာ MPT အင်တာနက်လိုင်း ရရှိရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုနဲ့ နယ်မြေကျော်လွန်တဲ့ ကိစ္စတွေ ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါ တယ်။
SSPP ဟာ စစ်အာဏာရှင်က ဖိတ်ခေါ်တဲ့ ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု အပြီးမှာလည်း အစောဆုံးလာရောက်တွေ့ဆုံတဲ့ အဖွဲ့ဖြစ်ပြီး အခုတွေ့ဆုံမှုဟာ ဒုတိယအကြိမ် မြောက် တွေ့ဆုံမှုဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ၊ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင် အစိုးရ ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)နဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။










