DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည့် အခြေအနေ ပေါ်ပေါက်ရန် အရေးကြီးဟု NLD  ကြေညာ
DVB
·
September 28, 2026
Photo: NLD
Photo: NLD
Donate to DVB

အခုအချိန်ကာလမှာ အရေးကြီးဆုံးက အကြမ်းဖက်မှုတွေ လျော့ကျစေရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ လူ့အခွင့် အရေးတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မဲ့ အခြေအနေတွေ ဖြစ်ထွန်းပေါ်ပေါက်ရေးတို့ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ကြေညာပါတယ်။

၁၉၈၈ လူထုအရေးတော်ပုံကြီးက ပေါက်ဖွားလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တည်ထောင်တဲ့ ၃၈ နှစ်ပြည့် အထိမ်းအမှတ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ NLD ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပါတီရဲ့ ၃၈ နှစ်တာ ခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့တဲ့  သမိုင်းဖြစ်ပြီး ၁၉၉၀ က ၂၀၂၀ ရွေးကောက်ပွဲတွေအထိ ပြည်သူတွေရဲ့  မဲပေးရွေးချယ်မှုဟာ NLD အပေါ် ယုံကြည်ထောက်ခံမှုကို ပြသခဲ့တဲ့  သမိုင်းမှတ်တမ်းတွေ ဖြစ်တယ်၊ ဒီခရီးစဉ်အတွင်း ဖိနှိပ်မှု၊ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပေမဲ့ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အပေါ် အခြေခံတဲ့ နိုင်ငံရေး ယုံကြည်ချက်တွေကို ဆက်လက်ထိန်းသိမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ယနေ့ မြန်မာနိုင်ငံဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဥပဒေချိုးဖောက် အာဏာသိမ်းမှုတွေနဲ့အတူ လူမဆန်စွာ ရက်စက်မှုတွေကြောင့် ပြည်သူအများမှာ လူမှုစီးပွားရေး အကျပ်အတည်းတွေကို နေ့စဉ် ခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NLD ရဲ့ အနာဂတ်မျှော်မှန်းချက်ဟာ ပြည်သူ့ဆန္ဒကို အခြေခံတဲ့ ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လူမျိုးနဲ့ ဒေသအသီးသီးတို့ရဲ့ တန်းတူ ညီမျှမှနဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို အာမခံပေးနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်၊ အနာဂတ်ပြည်ထောင်စုဟာ နိုင်ငံရေးပါတီတခု၊ အဖွဲ့အစည်းတခုရဲ့ အနာဂတ်မဟုတ်ဘဲ မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်သည့် အနာဂတ်ဖြစ်တယ်၊ ဒါ့ကြောင့် မတူကွဲပြားမှုတွေကို လက်ခံခြင်း၊ အပြန်အလှန်လေးစားခြင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အခြေခံပြီး အတူတကွ တည်ဆောက်ကြရမယ်လို့ ဆိုပါတယ်။

၃၈ နှစ်တာကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမြော်အမြင်ရှိစွာ စတင်တည်ထောင်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် အနစ်နာခံခဲ့ကြသူတွေ၊ အသက်ပေးခဲ့ကြသူတွေနဲ့ မတုန်မလှုပ် ရပ်တည်ခဲ့ ကြသူအားလုံးကို  ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

NLD  (၃၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို NLD ပါတီဝင်တွေက အွန်လိုင်းကနေ ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ချင်းပြည်(Chinland) အစိုးရအဖွဲ့နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ထိန်လင်း(ခ)ကင်မ်အဲရစ်ကလည်း ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူတွေ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပါတီတွေကို အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူခါနီးအချိန်မှာ စစ်အာဏာရှင်တပ်က အဓမ္မအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေကို သတ်ဖြတ်၊ နိုင်ငံအနှံ့ရှိ ပါတီရုံးတွေကို ချိပ်ပိတ်ကာ ဆက်လက်ရပ်တည် နိုင်ငံရေးလှုပ်ရှားခွင့်မရအောင် ဖြိုခွင်းဖိနှိပ်ထားခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013