
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က စာသင်ကျောင်း ၁၇ ကျောင်းကို စစ်အာဏာရှင်တပ်က ပိတ်လိုက်ပြီး ဆရာ၊ ဆရာမတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ထိန်းချုပ်ဒေသဆီကို ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစာသင်ကျောင်း ၁၇ ကျောင်းဟာ ကိုးကန့်တပ်(MNDAA)ရဲ့ ထိန်းချုပ်ဒေသတွင်းမှာလည်း ပါဝင်နေပြီး အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူးက ပိတ်ခိုင်းလိုက်တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်တပ်က သီပေါမြို့ကိုပြန်သိမ်းတော့ ဒေသခံတွေက မြို့နယ် ပညာရေးမှူးကို ပြောပြီး ကျောင်းလေးတွေအတွက် ဆရာ၊ ဆရာမ ၂၀ ဦးလောက်နဲ့ ကျောင်းပြန်ဖွင့်တာ။ လုံခြုံရေးကြောင့် ရွှေ့ခိုင်းတာ မဟုတ်ဘူး။ SSPP က စစ်တပ်နဲ့ တွေ့တယ်လေ။ ပညာရေးအတွက် လိုအပ်တယ်ပြောလို့ အဲဒီ ဆရာ၊ ဆရာမတွေကို SSPP ထိန်းချုပ်ဒေသကို ပို့လိုက်တာ။ ကျနော် ကြားတာက ဝမ်ဟိုင်းဘက်လို့ ကြားတာပဲ။ ဘယ်နေရာလို့တော့ မသိရသေးဘူး” လို့ DVB ကိုပြောပါတယ်။
အဲဒီကျောင်းတွေကို အခုလပထမပတ်ကစလို့ စစ်တပ်ဘက်က ပိတ်လိုက်တာဖြစ်ပြီး ကျောင်းဆက်တက်လိုတဲ့ ကျောင်းသားတွေကို သီပေါမြို့ပေါ် သွားရောက်တက်ခိုင်းနေတယ်လို့ ဆိုပါတယ်။
ကျောင်းတွေရှိတဲ့ဒေသဟာ သီပေါမြို့ပေါ်နဲ့ ၁၀ မိုင်ကျော်ကွာဝေးသလို အခုလို ကျောင်းတွေ ပိတ်လိုက်တာကြောင့် ကျောင်းသား ၁,၀၀၀ ကျော် ပညာသင်ခွင့်ဆုံးရှုံးနေတယ်လို့ သိရပါ တယ်။
စစ်တပ်ဟာ သီပေါမြို့နဲ့ မြို့နယ်ထဲက စာသင်ကျောင်းတွေကို ၂၀၂၆ စာသင်နှစ်မှာမှ ပြန်ဖွင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။
MNDAA သတင်းရင်းမြစ်က “အထူးဒေသ ၁ ပညာရေးဌာနက ဒေသခံတွေနဲ့ သွားညှိနေတယ်။ ကျောင်းပြန်ဖွင့်ပေးရမလား ဆိုတာ။ အဲဒီနေရာက သီပေါတံတားနဲ့ သိပ်မဝေးဘူး။ MNDAA တပ် တွေလည်း ရှိတယ်။ စစ်တပ်ဘက်က ကျောင်းတွေ လာဖွင့်တော့ ပညာရေးအတွက်ဆိုတော့ MNDAA ဘက်က ဘာမှမပြောတာ” လို့ ပြောပါတယ်။
ပိတ်လိုက်တဲ့ကျောင်းတွေဟာ MNDAA ထိန်းချုပ်ထားတဲ့ ဆောင်ကြဲကျေးရွာက အထက်တန်းကျောင်း ၂ ကျောင်း၊ နောင်အန်ကျေးရွာက အလယ်တန်းကျောင်းခွဲ ၁ ကျောင်း၊ ပန်းခမ်းကျေးရွာ၊ နားမခေါ်ကျေးရွာ၊ နားတောင့်ကျေးရွာ၊ ပန်စောက်မိန်းကျေးရွာ၊ နောင်တုံကျေးရွာနဲ့ ပန်မိတ်ကျေးရွာတို့က မူလတန်းလွန်နဲ့ မူလတန်း ၁၄ ကျောင်းပါဝင်တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပေမဲ့ သီပေါမြို့နယ် ကျေးရွာအုပ်စုတချို့ကိုတော့ MNDAA တပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။











