DVB Logo
Home
မြန်မာသတင်း
စစ်တွေနှင့် ကျောက်တော်တွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၇ ဦးသေဆုံး
DVB
·
January 18, 2024
စစ်တွေနှင့် ကျောက်တော်တွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၇ ဦးသေဆုံး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဇန်နဝါရီ ၁၇ ရက်က စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၅ ယောက် သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ လင့်စင်၊ သဲပုံနဲ့ ဝီးကြီးထောင် ကျေးရွာဘက်တွေကို ဇန်နဝါရီ ၁၇ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစင်းနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ကျောက်တော်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးခဲ့တဲ့သူတွေကတော့ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်ကနေ လင့်စင်ကျေးရွာကို စစ်ဘေးရှောင်လာတဲ့ အသက် ၅၀ အရွယ် ဒေါ်အေးအေးချေ၊ အသက် ၄၀ အရွယ် ဒေါ်ကျော့ကျော့ဝင်းနဲ့ မြို့သစ်ရပ်ကွက်က အသက် ၂၃ နှစ်အရွယ် မငယ်ငယ်၊ အသက် ၅၇ နှစ်အရွယ် ဒေါ်မအေးနုနဲ့ အသက် ၇၀ အရွယ် ဦးစံသာကျော်တို့ ဗုံးစထိမှန် သေဆုံးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဝီးကြီးထောင်ရွာမှာလည်း နေအိမ်တအိမ်ထဲက မိသားစုဝင် ၃ ယောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကာ သဲပုံကျေးရွာမှာတော့ နေအိမ်အဆောက်အဦ ၈ လုံးထက်မနည်း ပျက်စီးကာ စပါးတောင်း ၁,၄၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာလည်း ကျောက်တော်အခြေစိုက် ခမရ ၃၇၆ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၂ နှစ်အရွယ် ဦးစောလှထွန်းရဲ့ ဝမ်းဗိုက်ကို လက်နက်ကြီးကျည်စ ဖောက်ဝင်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်လောက်မှာ ကံ့ကော်ကျွန်းရွာဘက်ကနေ အတွဲလိုက်ဒုံးပစ်ကား ၂ စီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၇ နှစ်အရွယ် ဦးကျော်မိုးထွန်း လက်နက်ကြီးကျည်စထိမှန် သေဆုံးကာ အသက် ၂၇ နှစ်အရွယ် ကိုစိုးဝင်းမောင်ရဲ့ ညာဘက် ခြေမျက်စိအောက်မှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ဦးမောင်ခင်သန်းရဲ့ နေအိမ်ခြံဝင်းထဲမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၂ အိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ပြီး နောက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ နေအိမ်အဆောက်အဦတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ထိခိုက်ပျက်စီးကာ ဒေသခံပြည်သူ ၁၀၈ ယောက် သေဆုံးခဲ့ပြီး ၁၇၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013