DVB Logo
Home
နိုင်ငံတကာ
စင်ကာပူပို့ဆောင်ရေးဝန်ကြီးကို အဂတိလိုက်စားမှုဖြင့် စွဲချက်တင်
DVB
·
January 18, 2024
စင်ကာပူပို့ဆောင်ရေးဝန်ကြီးကို အဂတိလိုက်စားမှုဖြင့် စွဲချက်တင်
Donate to DVB

စင်ကာပူပို့ဆောင်ရေးဝန်ကြီး အက်စ်အစ္စဝါရန်းကို အဂတိလိုက်စားမှုစွဲချက်အပါအဝင် စွဲချက် ၂၇ ခုနှစ်နဲ့ ဇန်နဝါရီလ ၁၈ ရက်မှာ  အမှုစွဲတင်လိုက်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၁၆၅ ပြည်သူ့ဝန်ထမ်းဟာ အဖိုးစားနားမပေးဘဲ အဖိုးတန်ပစ္စည်းကို ရယူခြင်း နဲ့ စွဲချက် ၂၄ ခု၊ အဂတိလိုက်စားမှုစွဲချက် ၂ ခု၊ တရားစီရင်မှုကို အနှောင့်အယှက်ဖြစ်စေမှု စွဲချက် တစ်ခုနဲ့ အမှုစွဲတင်ခံရတာဖြစ်ပါတယ်။ 

ဒါဟာ ကမ္ဘာမှာ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံအဖြစ်လူသိများတဲ့ စင်ကာပူနိုင်ငံမှာ ဖြစ်တောင့်ဖြစ်ခဲ့ကိစ္စမျိုး ဖြစ်ပါတယ်။ 

အစ္စဝါရန်းကတော့ စွဲချက်တွေအတွက် အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက အစ္စဝါရန်းကို လုပ်ငန်းရှင်ကြီး အွန်ဘန်ဆန်းနဲ့အတူ ဖမ်းဆီးလိုက်တာဟာ တစ်နိုင်ငံလုံးကို အံ့ဩတုန်လှုပ်စေခဲ့ပါတယ်။ 

သူတို့နှစ်ဦးဟာ ၂၀၀၈ ခုနှစ်မှာစလို့ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာပါ ကျင်းပနိုင်ဖို့ ဦးဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။

ရာဇသတ်ကြီး စွဲချက်အားလုံးဟာ အွန်ဘန်ဆန်းဆီက ဖော်မြူလာဝမ်းပြိုင်ပွဲလက်မှတ်၊ ပရီးမီးယားလိဂ်ဘောလုံးပွဲလက်မှတ်ယူတာလို ကိစ္စတွေအတွက် စွဲချက်တင်ခံရတာဖြစ်ပါတယ်။

ဝန်ကြီးဟာ အဖမ်းခံခဲ့ရကတည်းက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေစဉ်အတွင်း ပျက်ကွက်ခွင့် ယူထားတာဖြစ်ပြီး အဲဒီကာလမှာတောင် တစ်လကို စင်ကာပူဒေါ်လာ ၆၀၀၀ ရတယ်လို့ သိရပါတယ်။ 

စွဲချက်တင်မခံရမီ နှစ်ရက်အလိုကမှ ဝန်ကြီးနေရာကရော၊ အမတ်ရာထူးနဲ့ ပါတီဝင်အဖြစ်ကပါ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

စင်ကာပူအစိုးရ တာဝန်ရှိသူတွေဟာ ကမ္ဘာမှာလစာအကောင်းဆုံးဖြစ်ပြီး ဝန်ကြီးတစ်ဦးဟာ အမေရိကန်ဒေါ်လာနဲ့တွက်ရင် တစ်လကို အနည်းဆုံး ဒေါ်လာ ၃၅၀၀၀ နီးပါးရပါတယ်။

အစိုးရဝန်ထမ်းတွေ အဂတိလိုက်စားမှုမရှိအောင် ဒီလိုလစာ ကောင်းကောင်းပေးထားတာဖြစ်ပြီး အခုလို ဖမ်းဆီး စွဲချက်တင်ခံရတာ စင်ကာပူမှာတော့ အလွန်ရှားပါတဲ့ဖြစ်စဉ်ပါ။

အစ္စဝါရန်းဟာ ၁၉၉၇ မှာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၁ ကစလို့ ဝန်ကြီးနေရာအမျိုးမျိုးတာဝန်ယူဖူးတဲ့ ဝါရင့်နိုင်ငံရေးသမား ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013