DVB Logo
Home
နိုင်ငံတကာ
ဂျာမနီတွင် လက်ယာအစွန်းရောက်ပါတီကို ဆန့်ကျင်ဆန္ဒပြ
DVB
·
January 18, 2024
ဂျာမနီတွင် လက်ယာအစွန်းရောက်ပါတီကို ဆန့်ကျင်ဆန္ဒပြ
Donate to DVB

ပြည်ပကနေ ရွှေ့ပြောင်းလာပြီး နိုင်ငံသားဖြစ်လာသူတွေကို အစုလိုက်နှင်ထုတ်ကြမယ့် အစီအစဉ်ကို ဆွေးနွေးကြတဲ့ အစည်းအဝေးတခုမှာ ဂျာမန်လက်ယာအစွန်းရောက်ပါတီ AfD က ထိပ်တန်းတာဝန်ရှိသူနှစ်ဦး တက်ရောက်ခဲ့တယ်ဆိုတဲ့သတင်း ပေါက်ကြားလာပြီးနောက်  ဂျာမနီနိုင်ငံတဝန်း ပါတီဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားနေတယ်လို့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ရိုက်တာသတင်းက ဖော်ပြပါတယ်။

နာမည်အပြည့်အစုံ Alternative for Deutschland၊ ဂျာမနီအတွက်တခြားရွေးချယ်စရာလို့ အမည်ပေးထားတဲ့ AfD ပါတီဟာ နိုင်ငံတဝန်း စစ်တမ်းတွေအရ ထောက်ခံမှု ဒုတိယအများဆုံး ရနေတဲ့ပါတီ ဖြစ်ပါတယ်။

ဒီပါတီဟာ ရွှေ့ပြောင်းအခြေချမှုကို အစဉ်တစိုက်ဆန့်ကျင်ပြီး နေရာရလာတဲ့ပါတီလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ “သဟဇာတမဖြစ်တဲ့ နိုင်ငံသားတွေကို မြောက်အာဖရိကက စံပြနိုင်ငံတခုကို ပို့ပစ်မယ်” ဆိုတဲ့ အဆိုပြုချက်ကို လျှို့ဝှက်ဆွေးနွေးကြရာမှာ ပါတီတာဝန်ရှိသူတွေ ပတ်သက်တယ်ဆိုတဲ့ သတင်းကတော့ ဂျာမနီနိုင်ငံသားတွေအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။

ဒီပုံစံဟာ တချိန်က နာဇီပါတီ စတင်အားကောင်းလာစဉ်က ဥရောပက ဂျူးတွေကို မာဒါဂတ်စကာကို ပို့ပစ်မယ်ဆိုတဲ့ အစီအစဉ်နဲ့ ဆင်တူနေတဲ့အတွက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဒီသတင်းထွက်လာပြီးနောက် နိုင်ငံတလွှားက ဆန္ဒပြပွဲတွေမှာ လူသောင်းနဲ့ချီ ပါဝင်နေကြပြီး AfD ပါတီကို ဖျက်သိမ်းပစ်ဖို့ပါ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

တချို့ဆန္ဒပြပွဲတွေမှာ ဂျာမနီဝန်ကြီးချုပ် အိုလာ့ဖ်ရှို့လ်ဇ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲယာဘွတ်ခ်တို့ပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

AfD ပူးတွဲခေါင်းဆောင် အဲလစ်ဝိုက်ဒဲလ်ကတော့ အဲဒီအစည်းအဝေးတက်ခဲ့တဲ့ သူမရဲ့ အကြံပေးပုဂ္ဂိုလ်နဲ့ လမ်းခွဲခဲ့တယ်လို့ ဆိုပါတယ်။ ပါတီတာဝန်ရှိသူအချို့ဟာ ပါတီကို အလုံးစုံ ကိုယ်စားမပြုဘူးလို့လည်း ငြင်းထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013