DVB Logo
Home
Lead Story
မည်သည့်စုန်းကိုမှ အသက်ရှင်ခွင့်မပေးစေရ
DVB
·
January 18, 2024
မည်သည့်စုန်းကိုမှ အသက်ရှင်ခွင့်မပေးစေရ
Donate to DVB

နတ်ဆိုးနှင့် စုန်းဇာတ်လမ်းတို့မှာ ဥရောပတိုက်တွင် ခြောက်လှန့်မှုကြီးတခုအဖြစ် အချိန်ကြာမြင့်စွာ တည်ရှိခဲ့သည်။ အေဒီ ၁၃၀၀ နှင့် ၁၆၀၀ အကုန်တွင် လူသောင်းပေါင်းများစွာကို စုန်းများအဖြစ်ယူဆကာ သေဒဏ်ပေးမှုများ ရှိခဲ့သည်။ အထူးသဖြင့် အမျိုးသမီးအများစု ဖြစ်သည်။ စွပ်စွဲခံရသူ အများစုမှာ ညှဉ်းပန်းနှိပ်စက်မှုများကို မခံနိုင်သည့်အဆုံး သူတို့ကိုယ်တိုင် စုန်းများဖြစ်ကြောင်း ဝန်ခံထွက်ဆိုသွားကြသည်။ ထိုကဲ့သို့ ဥရောပတဝန်း စုန်းအယူအဆ လွှမ်းမိုးသွားပြီး နှစ်အတန်ကြာ၌ အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်ရှိ ဆာလမ်ဒေသတွင်လည်း လူ ၁၉ ဦးကို ကြိုးပေးကွပ်မျက်ခံရသည့် အဖြစ်အပျက် ဖြစ်ပွားခဲ့ပါသည်။

ပြည်သူအများစုကြီး၏ ကြောက်လန့်မှုကို ဖြစ်စေခဲ့သည့် ယင်းအမှုတွင် လူပေါင်း ၁၉ ဦး ကွပ်မျက်ခံရသလို ကျန်သည့် အယောက် ၂၀၀ ကိုလည်း စွဲချက်တင်ခဲ့သည်။ ရုံးတင်စစ်ဆေးမှုများကို ယခင်ကနည်းများအတိုင်း လုပ်ဆောင်ခဲ့သည်။ ယခင်နည်းဆိုသည်မှာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိသူများအား ဓားစာခံအဖြစ် ထိုးကျွေးသည့်နည်းပင် ဖြစ်၏။

တခါက ဒေသခံလူကြီး၏ သမီးများ ရုတ်တရက် အပြင်းဖျားကာ မူးမေ့လဲသွားကြသည်။ အဖျားပျောက်ပြီးနောက်တွင် ထူးဆန်းစွာ ပြုမူနေသည်ကို တွေ့ရ၏။ ဤသို့ဖြင့် ဆာလမ်ဒေသရှိ ဘာသာရေးအသိုက်အဝန်းများကြားတွင် ဟိုးလေးတကျော် ဖြစ်သွားတော့သည်။ ဒါသည် သွေးရိုးသားရိုးကိစ္စတော့မဟုတ်၊ စုန်းပြုစားတာပဲ ဖြစ်ရမည်ဟု ကောက်ချက်ချ၏။‌ သို့နှင့် ယင်းဒေသရှိ အမျိုးသမီး ၃ ဦးကို စုန်းအဖြစ် စွပ်စွဲလိုက်ကြသည်။ တယောက်မှာ ကျွန်ဖြစ်သူ တီကျူဘာ။ ကျန်နှစ်ယောက်ကတော့ ဆင်းရဲတဲ့ အဘွားအို ဆာရာအော့စ်ဘုမ်းနှင့် အိမ်ခြေရာမဲ့ သူတောင်းစားဖြစ်သူ ဆာရာဂွတ်တို့ပဲ ဖြစ်ကြသည်။ ထိုအမျိုးသမီးသုံးဦးစလုံး အဖမ်းခံကြရပြီး တီကျူဘာမှာ သူမအသက်ချမ်းသာရာ ရလိုရငြား သူကိုယ်တိုင် နတ်ဆိုးနှင့် တွေ့ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ ထိုအမှုမှ အစပြုလိုက်သည်ဖြစ်ရာ လာမည့်လများစွာအတွင်း စွပ်စွဲမှု၊ ဖမ်းဆီးမှုများ ဆက်တိုက်များပြားလာတော့သည်။

ရုံးတင်စစ်ဆေးမှုများ

ထိုစဉ်က ထောင်များတွင် လူအပြည့်။ ဒေသန္တရအုပ်ချုပ်ရေးမှူး ဝီလျံဖစ်ပ်က အထူးတရားရုံးတခုကို တည်ထောင်ကာ စုန်းနဲ့ပတ်သက်သည့် အမှုများကို ကြားနာစစ်ဆေးတော့သည်။

သို့တိုင် ရုံးထိုင်သော တရားသူကြီးများမှာလည်း အရည်အသွေး ပြည့်ဝခြင်းမရှိ။ ကောင်းမွန်ပြည့်ဝစွာ သင်တန်းဆင်းထားသူများမဟုတ်။ ၁၆၉၂ ခုနှစ် မေလ ၂၇ တွင် ပထမဆုံး စစ်ဆေးမှုကို ထိုတရားရုံး၌ စတင်ခဲ့သည်။ ဘုန်းတော်ကြီးတပါးကို စုန်းအတတ်ပညာ တတ်သည့်အတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ သေဒဏ်ပေးခဲ့သည်။ တရားဟောဆရာ ကောကွန်မာသာကတော့ ထိုရုံးတင်စစ်ဆေးမှုများတွင် စုန်းဖြစ်ကြောင်း သက်သေအထောက်အထား ပြနိုင်တာမျိုး မရှိသည်ကို မြင်ရသူတိုင်း သိကာ နာမည်ဆိုးနဲ့ပဲ ကျော်ကြားပါသည်ဟု ဝေဖန်ခဲ့သည်။ ထို့အပြင် ယင်းအမှုများ၌ သက်သေခံတင်ပြရာတွင်လည်း စုန်းပြုစားခံရသူများ၏ ထွက်ဆိုချက်များကိုသာ သက်သေခံအဖြစ် လက်ခံခဲ့သည်။ တဖက်က စွပ်စွဲခံရသည့် အမှုသည်ကိုတော့ သက်သေပြခွင့်မပေးပေ။ စုန်းပြုစားခံရစဉ်က စွပ်စွဲခံရသူများ၏ ဝိညာဉ် (သို့မဟုတ်) မျက်နှာကို မြင်တွေ့လိုက်သည်ဟူသော တရားလို၏ ထွက်ဆိုချက်များအပေါ်၌သာ မူတည်၍ လက်ခံခဲ့ကြသည်။ မည်သို့ရှိစေ ရုံးတင်စစ်ဆေးမှုများက ဆက်လက်တည်ရှိနေတုန်းဖြစ်ပြီး နောက်ထပ် လအနည်းငယ်အတွင်း အမျိုးသမီး ၁၂ ဦး၊ အမျိုးသား ၆ ဦးအား အပြစ်ရှိသည်ဟုဆိုကာ သေဒဏ်ပေးခဲ့သည်။

ယင်းတို့အနက် အသက် ၈၁ နှစ်အရွယ် အဘိုးကြီး ဂီလပ်စ်ကော်ရေးမှာ အထက်ကို အသနားခံဖို့ ငြင်းဆိုခဲ့ရာ သူ့အား ရုံးတင်စစ်ဆေးမှုပင် မလုပ်တော့။ သစ်သားပြားကြီးအပေါ်တွင် ကျောက်တုံးများတင်ကာ အဘိုးကြီးကို ထိုအောက်တွင် ထားခြင်းဖြင့် မသေရုံတမယ် ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ နောက်နှစ်ရက်အကြာမှာတော့ အဘိုးကြီး ကော်ရေး သေဆုံးခဲ့သည်။

မတရားမှုအဖြစ် အသိအမှတ်ပြုခြင်း

ဒေသန္တရအုပ်ချုပ်ရေးမှူး ဖစ်ပ်၏ ဇနီးကိုယ်တိုင် စုန်းအတတ်နဲ့ပတ်သက်ပြီး စစ်ဆေးခံလိုက်ရသည့်အခါမှာတော့ သူကိုယ်တိုင် တည်ထောင်ခဲ့သော ရုံးတော်ကို သူကိုယ်တိုင်ပင် ဖျက်သိမ်းလိုက်တော့သည်။ ပြီးနောက် ထိုကဲ့သို့ တဖက်သတ်ဆန်သည့် သက်သေခံချက်များကို လက်မခံသော အထက်တရားရုံးကိုပဲ စတင်လည်ပတ်စေခဲ့သည်။ ယခင်အမှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲအနေနှင့် ဖမ်းဆီးထားသော ၅၆ ယောက်အနက် ၅၃ ယောက်ကို ပြန်လွှတ်လိုက်ပြီး ၃ ယောက်ကိုသာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်မှစ၍ စွပ်စွဲမှုများလည်း ဆက်မရှိတော့။ ၁၆၉၃ မေလတွင်မူ အကျဥ်းသားများအားလုံး လွတ်မြောက်ခဲ့သည်။ ၁‌၆၉၇ ဇန်နဝါရီတွင် တရားရုံးချုပ်သည် စုန်းဇာတ်လမ်းနှင့်ပတ်သက်၍ စွပ်စွဲမှုများအတွက် ဝန်ချတောင်းပန်ခဲ့သလို တရားသူကြီး ဆမ်မြူရယ်ဆီးဝေါကလည်း လူသိရှင်ကြား တောင်းပန်ခဲ့သည်။ ဤသည်ပင် ထိုကဲ့သို့ တရားရုံးတင် စစ်ဆေးမှုများ၊ မဆီလျော်သော ပြစ်ဒဏ်များမှာ မတရားကြောင်း တဖြည်းဖြည်းနှင့် အသိအမှတ်ပြုလာခြင်း ဖြစ်သည်။ အမေရိကန်သမိုင်း၏ အမှောင်ခန်းတခုသဖွယ်ဖြစ်ခဲ့သော ဆာလမ်တရားရုံးများသည် အပြစ်မဲ့ပြည်သူများကို အကာအကွယ်ပေးရမည် ဆိုသည့် မှန်ကန်မျှတသော တရားရေးစနစ်၏ အရေးပါပုံကို သတိပေးလိုက်သော အချက်ပေး ခေါင်းလောင်းသံတခုလည်း ဖြစ်ပေတော့သည်။

သပြေညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013