DVB Logo
Home
မြန်မာသတင်း
လုပ်ခလစာမရသည့် မဲဆောက်က မြန်မာအလုပ်သမားများ ထိုင်းအလုပ်သမားရုံးကို  တိုင်ကြား
DVB
·
January 17, 2024
လုပ်ခလစာမရသည့် မဲဆောက်က မြန်မာအလုပ်သမားများ ထိုင်းအလုပ်သမားရုံးကို  တိုင်ကြား
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၆ ယောက်ဟာ ပြီးခဲ့တဲ့ ၅ လအတွင်းလုပ်ကိုင်ခဲ့တဲ့ လုပ်ခလစာတွေ မရတဲ့အတွက် ထိုင်းအလုပ်သမား ဝန်ကြီးဌာနကို တိုင်ကြားထားပါတယ်။ 

မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၂၆ယောက်ဟာ လုပ်ခလစာမရလို့ ဇန်နဝါရီ ၁၅ ရက်မှာ မဲဆောက်မြို့က ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးကို တိုင်ကြားခဲ့တာလို့ အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

၂၀၂၃ ခုနှစ် မတ်လကနေ အောက်တိုဘာလအထိ အလုပ်လုပ်ကိုင်ခဲ့ပြီး ပထမသုံးလအတွက်သာ လစာရခဲ့ပေမဲ့ ကျန်တဲ့ ၅ လအတွက် အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို အလုပ်ချိတ်ဆက်ပေးတဲ့ ပွဲစားလင်မယားက ယူဆောင်ထွက်ပြေးသွားတာလို့  အလုပ်သမားအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

"လုပ်ခလစာ မရကြတဲ့သူတွေက အများကြီးပါ။ ကျနော်တို့ တဖွဲ့တည်းကသူတွေ အရင်လက အခုလို တိုင်တာ ပြန်ရကြလို့ တိုင်လိုက်တာပါ။ ကျနော်တို့က တိုင်ရင် အဖမ်းခံရမှာကြောက်လို့ မတိုင်ဖြစ်တာ ၃ လလောက်တော့ ကြာသွားတာပေါ့။ အလုပ်ကလည်း ဆက်မလုပ်ရတော့ မိန်းမနဲ့ အရွယ်ရောက်တဲ့ကလေးတွေက ကြံခုတ်တာ၊ ငရုတ်သီးဆွတ်တာတွေလုပ်ပြီး စားသောက်ရေးအတွက် လုပ်နေကျရတယ်။”

လက်ရှိအချိန်မှာ အလုပ်သမား ၂၆ ယောက်ဟာ လုပ်ခလစာမရတဲ့အတွက် နေထိုင် စားသောက်ရေးခက်ခဲနေပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကလည်း အလုပ် ဆက်မခိုင်းတော့ဘဲ နေဖို့ပေးထားတဲ့ နေရာတွေကနေ ပြောင်းရွှေ့ပေးဖို့ပါ ပြောဆိုကာ ရေနဲ့ လျှပ်စစ်မီးတွေ  ဖြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ မဲဆောက်မြို့ကို မြဝတီအမှတ် ၁ တံတားကနေ ပွဲစားကို မြန်မာကျပ်ငွေ ၇ သိန်းကျော်ပေးဆောင်ပြီး ၇ ရက်ဗီဇာနဲ့ ဝင်ရောက်လာကာ တပတ်ကို ဘတ် ၆၀၀ နဲ့ သက်တမ်းတိုးနေထိုင်ကြရတယ်လို့ သိရပါတယ်။

လုပ်ခလစာမရတဲ့ အလုပ်သမားတွေဟာ ပန်းရန်နေ့စားနဲ့ လုပ်ကိုင်သူတွေဖြစ်ပြီး ထိုင်းအစိုးရက တရားဝင်လုပ်ခအနေနဲ့ တရက်ကို ၃၃၂ ဘတ် သတ်မှတ်ထားပေမဲ့ သန်လျက်ကိုင် တယောက်ကို တနေ့ ဘတ် ၃၀၀ ၊ နောက်လိုက်တယောက်ကို ဘတ် ၂၈၀ ရရှိကာ အမျိုးသမီး တယောက်ကို ဘတ် ၂၅၀  ရရှိတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက "အရင်လကလည်း လစာမရတဲ့ အလုပ်သမား ၂၃ ယောက် ဘတ်နှစ်သိန်းသုံးသောက်လောက်ရတာပဲ ဆိုတော့ သူတို့လည်း ရပိုင်ခွင့်ရှိတယ်ဆိုတာ၊ တောင်းဆိုပိုင်ခွင့်ရှိတာ သိသွားပြီး ရောက်လာကြတာ။ ဒီနေ့က ၂၆ ယောက်လောက် ရှိတယ်။ တကယ် လုပ်ခလစာမရကြတဲ့ သူတွေက ဒီထက်မက ရှိနေတယ်။ အနိမ့်ဆုံး တလ လုပ်အားခ ဘတ် ၅၀၀၀ ကနေ ဘတ် ၁၂၀၀၀ လောက် ရဖို့ရှိတာပေါ့။ သူတို့ရသင့်ရထိုက်တဲ့ လုပ်အားခ အတိအကျရဖို့တော့မလွယ်ဘူး။ အနိမ့်ဆုံး  ၇၀ ရာခိုင်နှုန်းလောက် ရအောင်တော့ ဥပဒေဘောင်ထဲကနေ ဆောင်ရွက်ပေးသွားမယ်”လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ကလည်း အဲ့ဒီဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာပဲ လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား ၂၃ ယောက်ဟာ အခုတိုင်ကြားတဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးကို ပထမအကြိမ်တိုင်ကြားခဲ့ပြီး လစာငွေ ဘတ် ၁ သိန်းကျော် ပြန်ရခဲ့ပါတယ်။

မဲဆောက်မြို့က လုပ်ငန်းခွင်အသီးသီမှာ အလုပ်လုပ်နေပြီး အခုလို လုပ်ခလစာမရကြတဲ့ မြန်မာအလုပ်သမား အရေအတွက် အနည်းဆုံး ၇၀ ကျော်အထိ ရှိနေတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013