DVB Logo
Home
မြန်မာသတင်း
ရေးမြို့ ခလရ ၁၀၆ တိုက်ခိုက်ခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် သိမ်ဇရပ်ပြည်သူ ၂ ဦး ဒဏ်ရာရ
DVB
·
January 17, 2024
ရေးမြို့ ခလရ ၁၀၆ တိုက်ခိုက်ခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် သိမ်ဇရပ်ပြည်သူ ၂ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ် ရေး-သံဖြူဇရပ်ကားလမ်းရှိ ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် ခြေလျင်တပ်ရင်း ၁၀၆ ကို ဇန်နဝါရီ ၁၇ ရက် မနက် ၆ နာရီ ၁၀ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။

ရေးဘီးလူးအဖွဲ့ တပ်ခွဲမှူးက “စကစဘက်က တပ်တံခါးလာဖွင့်ချိန် ဝင်ပစ်တာပါ။ အပြန်အလှန် ပစ်ခတ်မှုမျိုးတော့ မရှိဘူး၊ လက်ဦးမှုရတယ်။ စစ်ကောင်စီဘက်က ၄ ယောက် ကျဆုံးခဲ့တယ်” လို့ ပြောပါတယ်။

ဒေသခံတဦးက “မနက်အစောပိုင်းပဲ ရှိသေးတယ်၊ စကစ ၁၀၆ ဂိတ်ဖွင့်တာနဲ့ အသံကြီး အသံငယ် ချထည့်လိုက်တာပါ။ ပစ်ခတ်နေကြတာ စစ်တပ်ရဲ့ဂိတ်ရှေ့မှာ ကားလမ်း မော့ကနင်ရွာ အထွက်လမ်းဖြစ်တော့ ကားတွေ လောလောဆယ် ဘယ်သူမှ မသွားရဲကြဘူး” လို့ ပြောပါတယ်။

‌မော့ကနင်ရွာဦး စေတီအနားက စည်ပင်ဂိတ်နဲ့ မော့ကနင်အဝင် စစ်ဆေးရေးဂိတ်ကိုလည်း ရေးဘီးလူးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ ရေးဘီးလူးအဖွဲ့က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး အခြေအနေကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ် ၃၁၀ က ဇန်နဝါရီ ၁၆ ရက်ည ၆ နာရီခွဲလောက်မှာ ၈၁-မမ လို့ယူဆရတဲ့ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ကျောက်ပုံကြီးကွင်းနဲ့ သုံးခွရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

“မြေပြင်ထိတွေ့မှု အခြေအနေ မရှိဘူးနော်။ အကြောင်းမဲ့ပစ်တာ အိမ်မှာနေရင်း အစမှန်တာပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

သုံးခွရွာကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကြောင့် အသက် ၁၇ နှစ်အရွယ် ဇော်ဇော်အောင် ပေါင်ဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မောင်လှမျိုးထွေးကတော့ ကျောဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) တို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရေးမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013