DVB Logo
Home
မြန်မာသတင်း
နမ့်ဖတ်ကာ၌ ပစ်ချခံရသည့် တိုက်လေယာဉ်ပေါ် ပါသွားသူ လေတပ်အရာရှိ ၂ ဦး သေဆုံး
DVB
·
January 17, 2024
နမ့်ဖတ်ကာ၌ ပစ်ချခံရသည့် တိုက်လေယာဉ်ပေါ် ပါသွားသူ လေတပ်အရာရှိ ၂ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ပစ်ချလိုက်တဲ့ FTC-2000G  စစ်‌ကောင်စီ တိုက်လေယာဉ်မှာ ပါသွားတဲ့ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူးတို့ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ ကေအိုင်အေ သတင်းရင်းမြစ်ကနေ သိရပါတယ်။

တိုက်လေယာဉ်ကို ဇန်နဝါရီ ၁၆ ရက် မနက်  ၁၁ နာရီ မိနစ် ၄၀ မိနစ်လောက်မှာ  ကေအိုင်အေ တပ်မဟာ ၄ နဲ့ KPDF ပူးပေါင်းအဖွဲ့က ပစ်လိုက်တာဖြစ်ပြီး နမ့်ဖတ်ကာ စစ်ကောင်စီ ခလရ-၁၂၃ တပ်စခန်းရဲ့ အပြင်ဘက် မနောယန်မှာ ပျက်ကျပေါက်ကွဲသွားကာ ဗိုလ်မှူးအေးမြင့်နဲ့ ဗိုလ်ကြီး ကောင်းစံတို့ နှစ်ဦး သေဆုံးသွားတယ်လို့ ကေအိုင်အေ ရှေ့တန်း သတင်းရင်းမြစ်တဦးက  ပြောပါတယ်။

“နှစ်ယောက်စီးတဲ့လေယာဉ် အသေး FTC-2000G အမျိုးအစားပါ။ Major အေးမြင့်နဲ့ Captain ကောင်းစံ သေသွားတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးမှာ လေကြောင်းကနေ တိုက်ခိုက်လာတဲ့ စစ်ကောင်စီ လေယာဉ်တစီးကို ပစ်ချလိုက်နိုင်တယ်လို့ ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ဒီဗွီဘီကို အတည်ပြု ပြောထားပါတယ်။

အဲဒီ တိုက်လေယာဉ်ဟာ နမ့်စန် လေတပ်ကနေ နမ့်ဖတ်ကာကို ဗုံးကြဲတိုက်ခိုက်ဖို့ ဇန်နဝါရီ ၁၆ ရက်‌ မနက်က ထွက်ခွာလာတာဖြစ်ပြီး ပစ်ချခံရလို့ ပျက်ကျသွားတဲ့ လေယာဉ်ဆီ သွားဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း တိုက်ခိုက်ခံရလို့ သေဆုံးသွားတယ်လို့ ကေအိုင်အေသတင်းရင်းမြစ်က ပြောပါတယ်။

“လေယာဉ်ပျက်ကျတဲ့နေရာဘက် စစ်ကောင်စီ ၁၀ ယောက် လာခဲ့တာကို ကေအိုင်အေဘက်က စောင့်ကြိုပစ်ခတ်လို့  ၄ ယောက် သေသွားတယ်။ အလောင်းဆွဲယူသွားပြီး ပြန်ဆုတ်သွားတယ်။”

စစ်ကောင်စီတပ် ခြံဝင်းဧရိယာဟာ ဧက ၅၀ လောက်ရှိပြီး အရမ်းကျယ်တာ‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်လေယာဉ် ပစ်ချခံရတာနဲ့ လေယာဉ်မှူးတွေရဲ့ အခြေအနေကိုတော့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ 

ဒီနှစ်ပိုင်းအစမှာတင် ပစ်ချခံရတဲ့ စစ်လေယာဉ်   MI-17 နဲ့ တိုက်လေယာဉ်အပေါ့စား ၂ စီး ရှိသွားပြီဖြစ်ကြောင်း၊  FTC 2000G လေယာဉ်က အောက်ကပစ်တဲ့ဒုံးကို အာရုံခံတဲ့ သတိပေးစနစ်တွေ မပါရှိကြောင်း၊ အပို ဆီတိုင်ကီ တပ်ထားရတာဖြစ်လို့ ပေါ့ပေါ့ပါးပါး ရှောင်တိမ်းနိုင်ဖို့ မလွယ်ဘူးကြောင်း လေ့လာသူတွေက သုံးသပ်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

နှစ်ယောက်မောင်း Fighter FTC-2000G တိုက်လေယာဉ်ဟာ အဆင့်မြင့်လေ့ကျင့်ရေး လေယာဉ်/အပေါ့စား တိုက်လေယာဉ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်က စစ်ကောင်စီက တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့ ၆ စီးထဲက တစ်စီးဖြစ်ကြောင်း စစ်ကောင်စီရဲ့ လေတပ် အချက်အလက်တွေ အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013