DVB Logo
Home
မြန်မာသတင်း
သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်က အယောက် ၃၀ နှင့် ချင်းပူးပေါင်းတပ်က ၈ ဦး ကျဆုံး
DVB
·
January 17, 2024
သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်က အယောက် ၃၀ နှင့် ချင်းပူးပေါင်းတပ်က ၈ ဦး ကျဆုံး
1 / 2
Donate to DVB

ချင်းပြည်နယ် တီးတိန်မြို့နယ်၊ သိုင်းငင်းရွာ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က အယောက် ၃၀ ကျဆုံးခဲ့ပြီး ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်က ၈ ဦး ကျဆုံးခဲ့ကာ အယောက် ၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ CDF-CDM-SIYIN အဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက် ညနေကစပြီး ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်က  ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၅ ရက်‌မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၆ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ စခန်းကို သိမ်းနိုင်ခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီကလေကြောင်းကနေ ၆ ကြိမ်ပစ်ကူခဲ့ပြီး ကလေးတက္ကသိုလ်ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ပစ်ကူခဲ့တယ်လို့  CDF-CDM-SIYIN အဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။

“စခန်းမှာ တပ်စွဲနေတဲ့ ရဲတပ်သား ၁၈ ဦးနဲ့ စစ်သား ၁၂ ဦး ကျဆုံးထားတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဘက်က သိုင်းငင်းစခန်းကို အရင်ကလည်း တိုက်ခဲ့တယ်။ အခု ၆ ကြိမ်မြောက်တိုက်ပွဲမှာ စခန်းသိမ်းနိုင်ခဲ့တာ။”

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိထားတယ်လို့ ပြောထားပေမဲ့ လက်နက်ခဲယမ်း ဘယ်လောက်သိမ်းဆည်းရမိထားတယ် ဆိုတာကိုတော့ အသေးစိတ် မပြောထားသေးပါဘူး။

CDF-KKG ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက “သိုင်းငင်းစခန်းကို သိမ်းရတာ တခြား စစ်စခန်းတွေနဲ့ မတူဘူး။ ကျနော်‌တို့ တိုက်ယူရတာ တော်တော်ကို ခက်ခဲခဲ့တယ်။ အချင်းချင်း အပြန်အလှန်ပစ်ခတ်လို့ ကျဆုံးတဲ့ရဲဘော်က နည်းတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ကူက တိုက်ပွဲတွင်းမှာ ကျနော်တို့ ရဲဘော်တွေကို အများကြီးထိခိုက်ခဲ့တယ်” လို့ ပြောပါတယ်။

သိုင်းငင်းစခန်းသိမ်းပြီး ပြန်လာတဲ့ ရှေ့တန်းပြန် ရဲဘော်တွေကိုလည်း ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုအားပေးဂုဏ်ပြုခဲ့ကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တဦးက “ပေးဆပ်မှုများစွာနဲ့ သိမ်းပိုက်နိုင်ခဲ့တာပါ။ ကျနော်တို့ဘက်ကလည်း အကျအဆုံး ထိခိုက်တာတွေလည်းရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

သိုင်းငင်းရွာမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က စလို့ စစ်တပ်က  တပ်စွဲခဲ့ပြီး ၂ နှစ်အကြာမှာ စခန်းကို စွန့်လွှတ်ခဲ့ရကာ အခုလို သိမ်းပိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သိုင်းငင်းကျေးရွာဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကလေး-တီးတိန်-ဖလမ်း လမ်းမပေါ်မှာတည်ရှိပြီး ‌လူဦးရေ ၇၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကစပြီး ကလေး-သိုင်းငင်း၊ တီးတိန်လမ်းမကြီးကို ပိတ်ထားခဲ့ရာ လက်ရှိမှာ လမ်းအမြန်ဆုံးပြန်ဖွင့်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ CDF-Civic Defense Militia -CDM-Siyin အဖွဲ့က ပြောထားပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာတော့ ချင်းဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရိခေါ်ဒါရ်မြို့၊ ရေဇွာမြို့၊ ဆူရ်ခွားမြို့၊ နှာရိန်မြို့၊ လိုင်လင်းပီမြို့၊ မကွီအိမ်နူးမြို့၊ ဝေဘူလမြို့၊ ပလက်ဝမြို့ စတဲ့ မြို့ ၈ မြို့ကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013