DVB Logo
Home
မြန်မာသတင်း
ကျောက်တော် ခမရ ၅၃၉ တပ်ရင်း လက်နက်ချ၊ ပုဏ္ဏားကျွန်း၌ စစ်ကောင်စီတပ်သား ၁၀၀ ကျော် စခန်းစွန့်ခွာ ထွက်ပြေး
DVB
·
January 17, 2024
ကျောက်တော် ခမရ ၅၃၉ တပ်ရင်း လက်နက်ချ၊ ပုဏ္ဏားကျွန်း၌ စစ်ကောင်စီတပ်သား ၁၀၀ ကျော် စခန်းစွန့်ခွာ ထွက်ပြေး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၃၉ တပ်ရင်းတခုလုံး ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)ထံမှာ လက်နက်ချအညံ့ခံခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

ခမရ ၅၃၉ တပ်ရင်းကို အေအေက ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေ မရတော့တာကြောင့် လက်နက်ချတာဖြစ်နိုင်တယ်လို့ အနီးအနားက ဒေသခံတစ်ဦးကပြောပါတယ်။

“မနေ့က မနက် ၁၀ နာရီကျော်လောက်မှာ လက်နက်ချ အလံဖြူထောင်တယ်လို့သိရတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုတွေပါဆိုရင် ၄၀၀ လောက်ရှိတယ်လို့ သိရတယ်။ အဓိက လက်နက်ချတာက လက်နက်ကြီး ပစ်ကူလည်းမရှိတော့ဘူး။ လေကြောင်းလည်း မထိရောက်တော့ အသေခံကြဖို့ အတူတူ အသက်ရှင်ဖို့ လက်နက်ချကြတာနဲ့တူတယ်။”

ခမရ ၅၃၉ တပ်ရင်းအနီးမှာ အမတ ၃၇၇ တပ်ရင်းရှိပြီး အဲဒီတပ်ရင်းကို ဇန်နဝါရီ ၁၄ ရက်မှာ အေအေက သိမ်းပိုက်ပြီးနောက် လက်နက်ကြီးပစ်ကူမရတော့ဘဲ ခမရ ၅၈၉ မှာ အေအေတပ်တွေရဲ့ အပြင်းအထန် ဝိုင်းဆို့တိုက်ခိုက်ခံရပြီးနောက် လက်နက်ချတာဖြစ်ပါတယ်။

အဲဒီတပ်ရင်းက စစ်ကောင်စီတပ်သား ၃၀၀ လောက် လက်နက်ချ အညံ့ခံခဲ့ပြီး ၃၀ ကျော်လောက် လက်နက်မချဘဲ ထွက်ပြေးသွားလို့ အေအေတပ်တွေက လိုက်လံရှင်းလင်းနေကာ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတပ်ရင်းထဲကို ဇန်နဝါရီလ ၁၄ ရက်နေ့က သိမ်းပိုက်ရရှိခဲ့တဲ့ အမတ ၃၇၇ တပ်ရင်းထဲက စစ်ကောင်စီတပ်သားတွေလည်း သွားရောက်ပူးပေါင်းတာတွေရှိပြီး ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီလောက်မှာ အေအေက ပတ်ပတ်လည် ဝိုင်းဝန်းပိတ်ဆို့ကာ အသံချဲ့စက်နဲ့ လက်နက်ချ အညံ့ခံကြဖို့ ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၁၅ ရက်မှာတော့ စစ်ကောင်စီတပ်ဘက်က လက်နက်မချသေးဘဲ ကတုတ်ကျင်းတွေ ပုန်းခိုကျင်းထဲတွေမှာ ပုန်းအောင်းနေကြပြီး ပြန်လည်ပစ်ခတ်တာတွေတော့ မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

လက်ရှိ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီရဲ့ စကခ(၉) တခုတည်းသာ ကျန်ရှိတော့ပြီး အဲဒီ စကခ(၉)ကိုလည်း အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ကျောက်တော်ဒေသခံတွေထံက သိရပါတယ်။

ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် အမတ ၃၇၇ အမြောက်တပ်နဲ့ ရသေ့တောင်မြို့နယ် ရေစိုးချောင်း ဗျူဟာကုန်းတွေကိုလည် ဇန်နဝါရီ ၁၄ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း သာစည်ရွာတောင်ကုန်းပေါ်ရှိ တပ်စခန်းက စစ်ကောင်စီ တပ်သား အင်အား အယောက် ၁၀၀ ကျော်လောက်ဟာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သာစည်ရွာတောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ ဇန်နဝါရီ ၁၆ ရက် မနက် ၄ နာရီလောက်မှာ အေအေက ဝင်တိုက်မှာကို ကြောက်လန့်ပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲဒီတပ်စခန်းဟာ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို ကာထားတဲ့ ကာကင်းစခန်း တခု ဖြစ်ပြီး ကျေးရွာတွေကို နေ့စဥ်ရက်ဆက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ တပ်စခန်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ခမရ ၅၅၀ တပ်ရင်းဘက်ကို ပူးပေါင်းသွားတာဖြစ်ပြီး ခမရ ၅၅၀ တပ်ရင်းကလည်း ကျေးရွာဘက်တွေကို နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာဘက်မှာလည်း ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ရေစိုးချောင်းဗျူဟာက ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက် ရက္ခိုင့်တပ်တော်အေအေထံမှာ လက်နက်ချအလင်းဝင်ခဲ့ကြတယ်လို့ အေအေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တောနဲ့ ရမ်းဗြဲမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား နေ့စဥ် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း ရက္ခိုင့်တပ်တော်က ဇန်နဝါရီ ၁၄ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013