DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် အစစ်အဆေးတင်းကျပ်၊ ခရီးသွားမရှိသဖြင့် တက္ကစီယာဉ်မောင်းများ အခက်တွေ့
DVB
·
January 16, 2024
ပုသိမ်တွင် အစစ်အဆေးတင်းကျပ်၊ ခရီးသွားမရှိသဖြင့် တက္ကစီယာဉ်မောင်းများ အခက်တွေ့
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြေးဆွဲနေတဲ့ အငှားတက္ကစီ ယာဉ်မောင်းတွေဟာ စစ်ကောင်စီက အစစ်အဆေး တင်းကျပ်တာကြောင့် ခရီးသည်ရရှိမှု နည်းပါးလာပြီး နေ့စဉ် အုံနာကြေးပေးဖို့တောင် ခက်ခဲလာတယ်လို့ တက္ကစီယာဉ်မောင်းတွေဆီက သိရပါတယ်။

စစ်ကောင်စီက ပုသိမ်မြို့မှာ ဇန်နဝါရီ ပထမအပတ်ကစတင်ပြီး ဒီနေ့အထိ အစစ်အဆေး တင်းကျပ်နေတာကြောင့် ပုသိမ်မြို့အတွင်းနဲ့ မြို့အပြင် ခရီးသည်ရရှိမှု နည်းပါးနေတဲ့အပြင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် အငှားယာဉ်မောင်းတွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေပြီး တရက် ငွေ ၅,၀၀၀ ရအောင် မနည်းရှာနေရတာကြောင့် နေ့စဉ် အုံနာကြေးပေးဖို့တောင် ခက်ခဲလာတယ်လို့ အငှားယာဉ်မောင်းတွေက ဆိုပါတယ်။

“ဘာတွေကြောင့် အသည်းအသန် စစ်ဆေးနေလည်းတော့ မသိဘူး။ သူတို့ကြောင့် ကျနော်တို့ လုပ်ငန်းတွေ တော်တော်ကို ခက်ခဲထိခိုက်လာတာ။ လုပ်ရင်းလုပ်ရင်းကို ခက်လာတာ။ အရင်ကဆို မြို့တွင်းကားအဆွဲ လျော့နည်းနေရင်တောင် တပတ်ကို တကြိမ် နှစ်ကြိမ်လောက် အထိ ဘုရားဖူးခရီးလို ခေါက်တိုလေးတွေ ရတယ်။ အဲ့လိုရတော့ နည်းနည်း အဆင်ပြေခဲ့တယ်။ အခုကြတော့ လုံးဝကို မရတာ၊ မြို့အတွင်းလည်း စီးသူမရဘူး။ မြို့အပြင်လည်း စီးသူမရဘူးဖြစ် နေတာ၊ ဆီဈေးကလည်း အတက်နဲ့အကျ အတက်ဘက်မှာပဲရှိတယ်။ တနေ့ငွေ ၅၀၀၀ ရဖို့ မနည်းလုပ်နေရတာကြာပြီ။ အခုတော့ အုံနာခတောင် ပေးဖို့ပါ ခက်ခဲလာတယ်” လို့ တက္ကစီအငှားယာဉ်မောင်းတဦးက ပြောပါတယ်။

အခုလိုခရီးသည်ရရှိမှု နည်းပါးတာာကြောင့် အုံနာကြေးပေးပြီး ပြေးဆွဲနေတဲ့ အငှားတက္ကစီယာဉ် မောင်းတွေအပြင် ကိုယ်ပိုင်ယာဉ်နဲ့ ပြေးဆွဲနေတဲ့ တက္ကစီယာဉ်မောင်းတွေလည်း မြင့်တက်နေတဲ့ စက်သုံးဆီဈေးကြောင့် အခက်အခဲဖြစ် ပေါ်နေတယ်လို့ သိရပါတယ်။

“ဒီလိုဖြစ်နေတဲ့ အဓိက အကြောင်းအရင်းက စစ်တပ်က အာဏာသိမ်းတာကြောင့်ပါ။ အာဏာမသိမ်းပြီးနောက် ခရီးသွားလုပ်ငန်းက မရှိသလောက်ကို ဖြစ်သွားတာ။ လမ်းခရီးမှာ စစ်ဆေးတာတွေ၊ ရစ်တာတွေများတော့ ဘယ်ခရီးသွားမှ မလာချင် မသွားချင်ကြတော့ဘူး ဖြစ်နေတာ။ ခရီးသွားမရှိတော့ ခရီးသည်ကို အမှီပြုလုပ် ကိုင်စားသောက်နေတဲ့သူတွေ အားလုံး အခက်အခဲတွေ ဖြစ်ကုန်တာပေါ့။ ဧရာဝတီတိုင်းက မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေပြီးရင် ခရီးသွားလုပ်ငန်းပဲ ဖြစ်ပါတယ်” လို့ ခရီးသွားတွေကို အဓိက တက္ကစီပြေးဆွဲနေသူတဦးက ပြောပါတယ်။

အဲ့ဒီလုပ်ငန်းတွေ အဆင်မပြေတဲ့အတွက် တချို့အငှား တက္ကစီယာဉ်မောင်းတွေဟာ မော်တော်ယာဉ် ပြန်လည်အပ်နှံနေကြရပြီး မိသားစုတွေ စားဝတ်နေရေး ခက်ခဲကျပ် တည်းလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013