DVB Logo
Home
မြန်မာသတင်း
နမ့်ဖတ်ကာအနီး စစ်လေယာဉ် ၁ စီးကို ကေအိုင်အေ ပစ်ချ
DVB
·
January 16, 2024
နမ့်ဖတ်ကာအနီး စစ်လေယာဉ် ၁ စီးကို ကေအိုင်အေ ပစ်ချ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးမှာ စစ်ကောင်စီ ဂျက်လေယာဉ်တစီးကို ဇန်နဝါရီ ၁၆ ရက် ဒီနေ့ ပစ်ချလိုက်နိုင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ) ဘက်က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေတို့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။

ဒီနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ  လေကြောင်းကနေ တိုက်ခိုက်လာတဲ့ စစ်ကောင်စီ  ဂျက်ဖိုက်တာတစ်စီးကို ပစ်ချလိုက်တာလို့ ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို ပြောပါတယ်။

"ဟုတ်ပါတယ်။ နမ့်ဖတ်ကာ စစ်ကောင်စီတပ်နားမှာ ကျနော်တို့ဘက်က ပစ်လိုက်တဲ့ ဂျက်ဖိုက်တာတစီး ပျက်ကျသွားတယ်ဆိုတာ ကနဦးသတင်းကြားရပါတယ်။ ဒီနေ့ ၁၂ နာရီ ကျော်ချိန်လောက်ကလို့ ပြောတယ်။"

ကေအိုင်အေက ပစ်ချလိုက်တဲ့ လေယာဉ်အမျိုးအစား အတိအကျကိုတော့ မသိရသေးသလို လေယာဉ်ပစ်ချခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

နမ့်ဖတ်ကာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၂၃ တပ်ရင်းကို ကေအိုင်အေ တပ်တွေက ဇန်နဝါရီ ၁၅ ရက်ကတည်းက သိမ်းထားတာလို့ ဒေသခံတွေကပြောပေမဲ့ အဲဒီအခြေအနေကို သေချာမသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တိုက်ပွဲကတော့ အဲဒီဒေသတဝိုက်မှာ ဆက်ပြီးပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။

နမ့်ဖတ်ကာကျေးရွာဟာ ပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိတာဖြစ်ပြီး အရေးပါတဲ့ နေရာလည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိနေပြီး ဒေသခံထောင်နဲ့ချီပြီးလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013