DVB Logo
Home
မြန်မာသတင်း
မတ္တရာနှင့် တနင်္သာရီတွင် စစ်တပ် လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ
DVB
·
January 16, 2024
မတ္တရာနှင့် တနင်္သာရီတွင် စစ်တပ် လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ အုန်းကုန်းကျေးရွာကို ဇန်နဝါရီ ၁၅ ရက် ညနေ ၄ နာရီက ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး က‌လေးငယ်တွေ အပါအဝင် ၄ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကို တံငါတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

“ဘာတိုက်ပွဲမှ မရှိဘဲကို ကျနော်တို့ ရွာဘက်ကို ပစ်တာဗျ။ ကျတာက အိမ်ပေါ်တည့်တည့်ကို ကျတယ်။ အဲဒီလိုကျလို ၆၆ နှစ်အရွယ် ဒေါ်တော(ခေါ်) ဒေါ်ရင်မြကတော့ နေရာတင် သေဆုံးတယ်။ ကျန်တဲ့ဒဏ်ရာရတဲ့အထဲက အမျိုးသမီးတဦးလည်း ဆေးရုံရောက်မှ ထပ်ဆုံးတာ ရှိတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေထဲက ၁၂ အရွယ်၊ ၁၅ နှစ်အရွယ် မိန်းကလေး ကလေးငယ်တွေလည်း ပါတယ်။ အမည်တွေတော့ မပြောတော့ပါဘူး။ သူတို့အတွက် လုံခြုံရေးအတွက်ကြောင့်ပါ။ နောက်ပြီး လက်နက်ကြီးကျလို့ အိမ်လည်း ပျက်စီးဆုံးရှုံးရတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အုန်းကုန်းရွာဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ တောင်သူများစုဖွဲ့ပြီး တောင်ယာလုပ်ဖို့ ဒေသခံတွေစုပြီး နေထိုင်ကြတဲ့ အိမ်ခြေ ၅၀ နီးပါခန့်ရှိတဲ့ တောတိုက်ကျေးရွာငယ်လေး တရွာလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့နဲ့ တိုက်ပွဲလည်း မဖြစ်ပါဘူး။ အကြောင်းမဲ့ကို ဒီကောင်တွေ ပစ်နေတာ။ အဲဒီရွာမှာ ဒီကောင်တွေ တပ်စွဲထားတာ ၂ လနီးပါးလောက်ရှိနေပြီဗျ။ မနေ့ကတော့ လက်နက်ကြီးနဲ့ ၆ လုံးကျော် ပစ်တဲ့အသံတွေတော့ ကြားရတယ်။ ပစ်တဲ့လက်နက်အမျိုးအစားကတော့ ၈၁-မမ ပြောင်းရှည်နဲ့ ပစ်တာ ဖြစ်နိုင်တယ်။ အဲဒီလက်နက်ရဲ့ ပြေးအားက ၃ မိုင်လောက် ရောက်တယ်။ အခုလည်း သူတို့နေတဲ့နေရာနဲ့ အခုကျတဲ့နေရာနဲ့ ၃ မိုင်လောက် ဝေးတယ်ဗျ။ အခုလိုတော့ လက်နက်ကို ပရမ်းပတာတော့ မပစ်သင့်ဘူးပေါ့ဗျာ။ အခုဟာက ပြည်သူကို သက်သက်ဒုက္ခရောက်အောင် လုပ်နေတာ” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ကိုတိုးကြီးက ပြောပါတယ်။

မတ္တရာမြို့နယ်မှာ နိုဝင်ဘာလအတွင်းကလည်း အခုလို စစ်ကောင်စီက ပစ်ခတ်လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ရပြီး ၄ ဦး ဒဏ်ရာရှိသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ ဇန်နဝါရီ ၁၅ ရက် မနက် ၆ နာရီလောက်က စစ်ကောင်စီတပ် လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ ကျေးရွာနေပြည်သူတွေဆီက သိရပါတယ်။

ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကနေ လက်နက်ကြီး အချက်ပေါင်း ၃၀ ကျော်အထိ ကျေးရွာထဲ ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာခံတွေဖြစ်တဲ့ အသက် ၄၀ အရွယ် ဦးထွန်းဝင်း နဲ့ အသက် ၅၀ အရွယ် ဒေါ်ရှင်ကြည်တို့ လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြတာလို့ ပြောပါတယ်။

အသက် ၄ဝ အရွယ် ဦးထွန်းဝင်းမှာ နေအိမ်အတွင်းရှိနေစဥ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျည်စထိမှန် ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး ဒေါ်ရှင်ကြည်မှာတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရခဲ့ကာ သူတို့နှစ်ဦးစလုံးက ဈေးလမ်းဘက်မှာ နေထိုင်သူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

ကျေးရွာနေ ပြည်သူတဦးက “အရမ်းတော့ မစိုးရိမ်ရဘူး။ လက်ဖဝါးနဲ့ ဝမ်းဗိုက်မှာ ရှပ်ထိတာပါ။ သူက ဈေးရဲ့အရှေ့ဘက်လမ်းမှာ နေတယ်။ ဒေါ်ရှင်ကြည်ကတော့ နည်းနည်းပဲထိတယ်။ သူလည်း ဈေးလမ်းထဲမှာနေတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ ရွာထဲစျေးတန်းဘက်ကို ဆက်တိုက် ကျရောက်ပေါက်ကွဲပြီး အနီးအနားမှာ နေထိုင်နေကြတဲ့ အရပ်သားပြည်သူတချို့ စစ်ကောင်စီရဲ့ လက်နက်ကြီး မကျရောက်တဲ့ နေရာတွေဆီကို ပြောင်းရွှေ့သွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာထဲပစ်တယ်ဆိုပေမဲ့ စျေးလမ်းဘက် လက်နက်ကြီးပစ်တာ များတယ်။ အဲ့ဘက်က တချို့က အိမ်တွေတော့ ပြောင်းပြီးနေနေကြတယ်။ အိမ်တွေတော့ သိပ်မထိပါဘူး။ ရွာသားတွေလည်း အပြင်မထွက်ရဲတော့ဘူး။”

အဲဒီမတိုင်ခင် ညောင်ပင်ကွင်းကျေးရွာမှာ မနက် ၅ နာရီလောက်က စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး တိုက်ပွဲဖြစ်စဥ်ကိုတော့ ဒီဗွီဘီက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ညောင်ပင်ကွင်းရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က အမျိုးသမီးနှစ်ဦး ငါးမျှားပြီး ပြန်လာကြရာ အဆိုပါ ခမရ ၅၆၁ တပ်ရင်းအနီးက ဥယျာဥ်ခြံလမ်းထဲမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်း တက်နင်းမိလို့ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013