DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တနှစ်အတွင်း အထည်ချုပ်စက်ရုံ ၃၀ ဝန်းကျင် ပိတ်သိမ်း 
DVB
·
January 16, 2024
ရန်ကုန်တွင် တနှစ်အတွင်း အထည်ချုပ်စက်ရုံ ၃၀ ဝန်းကျင် ပိတ်သိမ်း 
Donate to DVB

၂၀၂၃ ခုနှစ် တနှစ်တာအတွင်းမှာ ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ အထည်ချုပ် စက်ရုံ ၃၀ ဝန်းကျင်လောက် ပိတ်သိမ်းတာတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ဆီက သိရပါတယ်။

စစ်အာဏာသိမ်းကာလမှာ ပြည်တွင်းမှာရှိကြတဲ့ အထည်ချုပ်စက်ရုံတချို့ ယာယီ ပိတ်သိမ်းတာနဲ့ အပြီးသတ်ပိတ်သိမ်းတာ ရှိသလို နောက်ထပ် နာမည်အသစ်နဲ့ ဆက်လက် လုပ်ကိုင်တာတွေ ရှိနေတယ်လို့ အလုပ်သမားအရေး ကူညီပေးတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ တွဲဘက်အတွင်းရေးမှူး မအိက “တချို့စက်ရုံတွေဆိုရင် လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် အိုတီမရှိတာ၊ ယာယီပိတ်တာတွေ ရှိလာပါတယ်။ လက်ရှိကာလမှာတော့ စက်ရုံပိတ်သိမ်းရင် နစ်နာကြေးမပေးတာက များပါတယ်။ လုပ်ခလစာပဲ ပေးပြီး စက်ရုံ မလည်ပတ်နိုင်လို့ပြောပြီး ပိတ်နေကြတယ်။ မနှစ်ကဆိုရင် စက်ရုံတွေက နှစ်ကုန်ပိုင်းမှာ ပိတ်ကြတယ်။ ၂ လ ၃ လ လောက်နေတော့ နာမည်အသစ်တွေနဲ့ ပြန်ဖွင့်ကြတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်ရုံတွေ ပိတ်သိမ်းတာများလာတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်လာကြပြီး အများစုက ပြည်ပထွက် အလုပ်လုပ်ကိုင်ကြတာ ရှိသလို၊ တချို့ကလည်း ပြည်တွင်းမှာပဲ ရရာအလုပ်တွေ လုပ်ကိုင်ပြီး နေကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းတဲ့အခါ နစ်နာကြေး အပြည့်အဝ မရတဲ့ ပြဿနာတွေလည်း အလုပ်သမားအများစု ကြုံနေရပါတယ်။ စစ်တပ် အာဏာသိမ်းထားတဲ့ ကာလမှာ အလုပ်အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ဖြေရှင်းပေးနိုင်မှု နည်းပါးတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဗဟိုကော်မတီဝင် မကြည်ကြည်ထွန်းက “ပိတ်သိမ်းတဲ့အခါ နစ်နာကြေး အပြည့်အဝ မရဘူးဆိုပြီး တိုင်ကြားလာတဲ့ စက်ရုံ အလုပ်သမားတွေ ရှိတယ်။ လျော်ကြေး နစ်နာကြေး မပေးချင်တော့ စက်ရုံတွေက ယာယီ အပိတ်ပြတယ်။ ပိတ်လိုက်ဖွင့်လိုက် လုပ်တယ်။ အမြဲတမ်းဝန်ထမ်း မခန့်ချင်တော့ နေ့စားအလုပ်သမားတွေ ခေါ်တယ်။ ဒေးကြေးပဲ ပေးတယ်။ အနိမ့်ဆုံး လုပ်ခလစာထက် နည်းတဲ့ ပမာဏကို ပေးတယ်။ အာဏာသိမ်းပြီးနောက်မှာ အလုပ်သမား သမဂ္ဂတွေလည်း ထွက်ပြေး တိမ်းရှောင်နေရတော့ အလုပ်သမားအရေးကို ဆက်ပြီး ထဲထဲဝင်ဝင် မလုပ်ဆောင်နိုင်ကြဘူး။ အနိမ့်ဆုံး လုပ်ခလစာ တိုးတောင်းတဲ့ အလုပ်သမားတွေကိုလည်း စစ်တပ်က နိုင်ငံတော် ဆူပူမှုဖြစ်အောင် လုပ်တယ်ဆိုပြီး အရေးယူတာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အလုပ်သမား သမဂ္ဂအဖွဲ့တွေအနေနဲ့ ကူညီဖြေရှင်းပေးနိုင်တဲ့ အနေအထားက အကန့်အသတ်နဲ့သာ ရသလောက် ကူညီပေးရတဲ့ အခြေအနေ ရှိနေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေက အဆိုးဝါးဆုံး အခြေအနေမှာ ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနတွေက အလုပ်ရှင်တွေနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို ဖိနှိပ်မှုမျိုးစုံ လုပ်နေတာကြောင့် သက်ဆိုင်ရာ ဘရန်းဒ် အမှတ်တံဆိပ်တွေကိုသာ ဆက်သွယ် တိုင်ကြားတာနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တွေဆီ တိုင်ကြားတာမျိုးတွေသာ လုပ်ဆောင်နေတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ဆိုပါတယ်။

ဒါ့အပြင် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ ကုန်အမှတ်တံဆိပ်တွေ၊ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေနဲ့ဆိုရင် အလုပ်သမားတွေက ကြုံသမျှကို လည်ဆင်းခံနေရပြီး ဘာမှ မတတ်သာတဲ့ အခြေအနေကို ကြုံနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) အနေနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ချိန်ကစလို့ ၂၀၂၂ ဒီဇင်ဘာလအထိ အလုပ်သမားတွေဆီက တိုင်ကြားခဲ့တဲ့ အမှုပေါင်း ၁၈၀ ကျော် ရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်မှာဆိုရင် တိုင်ကြားခံရတဲ့အမှု စုစုပေါင်း ၂၀၉ မှု ရှိကာ ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အမှု အနည်းအကျဉ်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပိုတွေ အဓမ္မ ဆင်းတာ၊ လုပ်ခလစာ ပြည့်ပြည့်ဝဝ မရတာ၊ စံချိန်တွေတိုးပြီး လုပ်ကိုင်ရတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန် စော်ကားခံရတာ၊ ဆဲဆိုခံရတာတွေနဲ့ နေ့စား လုပ်သမားတွေကို မတန်တဆ ခိုင်းစေတာတွေ ကြုံရတယ်လို့ IWFM အဖွဲ့ချုပ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလအတွင်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံ ၃ ရုံ ပိတ်သိမ်းတာကြောင့် ဒေသခံတွေအပါအဝင် အလုပ်သမား ၃၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသလို ၂၀၁၄ နှစ်စပိုင်းမှာလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာက အထည်ချုပ်စက်ရုံ တရုံ ပိတ်သိမ်းမယ် ကြေညာခဲ့တာကြောင့် အလုပ်သမား ၁၀၀၀ လောက် အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013