DVB Logo
Home
မြန်မာသတင်း
ပြည်မြို့၌ မီးလောင်ပြီး လူ ၁ ဦး သေဆုံး၊ မြစ်ကြီးနား၊ မကွေးနှင့် ကော့ကရိတ်တို့တွင် လူနေအိမ်နှင့် ဈေးဆိုင်အချို့ မီးလောင်
DVB
·
January 15, 2024
ပြည်မြို့၌ မီးလောင်ပြီး လူ ၁ ဦး သေဆုံး၊ မြစ်ကြီးနား၊ မကွေးနှင့် ကော့ကရိတ်တို့တွင် လူနေအိမ်နှင့် ဈေးဆိုင်အချို့ မီးလောင်
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ပွင့်လှသိမ်ကုန်းရပ်ကွက်၊ နန္ဒဝန်လမ်းမှာ ဂက်(စ်)အိုးပေါက်ပြီး မီးလောင်မှုဖြစ်ကာ လေဖြတ်နေတဲ့ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းဝင်တွေထံက သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၃ နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကာ သွပ်မိုး၊ ထရံကာ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူသေဆုံးမှုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပရဟိတအသင်းဝင်တဦးက “ဂက်(စ်)အိုးပေါက်ပြီး လောင်တာလို့ ပြောတယ်။ လမ်းကလည်းကျပ်တော့ အချိန်မီ မီးမထိန်းနိုင်ခဲ့တာ၊ လေဖြတ်နေတဲ့ ဦးလေးကြီး သေဆုံးသွားတယ်။ အမျိုးသမီးနှစ်ယောက်လည်း လန့်ပြီး သတိလစ်သွားလို့ ဆေးရုံပို့လိုက်ရတယ်။ တခြားထိခိုက်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းဝင်များ အချိန် ၁ နာရီကြာ ငြှိမ်းသတ်ခဲ့ပြီး သေဆုံးနဲ့ ဒဏ်ရာရရှိသူတွေကို ခေတ္တရာလူငယ်များ သာရေးနာရေး ကူညီမှုအသင်းနဲ့ ပရဟိတပါရမီအသင်းတို့က ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နဲ့ မကွေးတိုင်း၊ မကွေးမြို့နယ်တို့မှာ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားရာကနေ နေအိမ် ၄ လုံးနဲ့ ၄ ခန်းတွဲ ကုန်စုံဆိုင်တဆိုင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၊ မန်ခိန်လမ်းမှာ ဇန်နဝါရီ ၁၅ ရက် မနက် ၄ နာရီ မိနစ် ၄၀ လောက်က ကုန်စုံဆိုင် ၄ ခန်းတွဲ အဆောက်အဦမှာ လျှပ်စစ်မီးပလပ်ခုံကနေ အပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ၃၆ ပေ × ၁၀ ပေရှိ သွပ်မိုးထရံကာ၊ မြေစိုက် ၄ ခန်းတွဲ အဆောက်အဦတလုံး၊ ပေ ၃၀ × ၂၄ ပေ၊ သွပ်မိုးထရံကာပျဉ်ခင်း အုတ်ညှပ် ၂ ထပ် အဆောက်အဦ ၁ လုံးတို့ ပျက်စီးသွားပါတယ်။

မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ဆိုင်တဆိုင်နဲ့ အိမ်တလုံး လောင်သွားတာပါ။ ဆိုင်ထဲက စလောင်တာ။ အကုန်လုံးနီးပါး လောင်သွားတယ်။ ဒဏ်ရာရရှိသူတော့ မရှိပါဘူး” လို့ ပြောပါတယ်။

မီးလောင်တဲ့နေရာကို မြစ်ကြီးနားခရိုင် မြို့နယ်တို့က မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၅ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားခဲ့ပြီး ပျက်စီးမှုတန်ဖိုးမှာ ကျပ် ၄၅ သိန်းဖြစ်ကာ မီးလောင်မှုနဲ့ပတ်သက်လို့ အိမ်ရှင်ဖြစ်သူကို မြစ်ကြီးနားရဲစခန်းမှာ ပြစ်မှုပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဈေးလယ်စိုးရပ်ကွက်၊ ဈေးလမ်းမှာ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁ နာရီလောက်က ဝါယာရှော့ဖြစ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံး ပျက်စီးသွားပါတယ်။

မီးလောင်မှုဟာ နှစ်ထပ်အိမ် ၁ လုံးက‌နေ စတင်ခဲ့တာဖြစ်ပြီး ဘေးကပ်ရက်ရှိ နှစ်ထပ်အိမ် ၁ လုံးနဲ့ တထပ်အိမ် ၁ လုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မကွေး M RESCUE မြေပြင်လူမှုကူညီရေး အသင်းဝင်တဦးက “အိမ်က ၃ လုံးပါ။ သွပ်မိုးပျဉ်ထောင်အိမ်တွေပါ။ အိမ် ၂ လုံးက နှစ်ထပ်အိမ်တွေပါ။ တအိမ်က တထပ်အိမ်။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။

မီးလောင်တဲ့နေရာကို မကွေးတိုင်းမီးသတ်က မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့အတူ အရပ်ဘက်အသင်းတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး နေ့လယ် ၁ နာရီ ၂၅ မိနစ်လောက်မှာ မီးငြိမ်းသွားကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာလည်း ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီခွဲလောက်က ဖုန်းဆိုင်ရှိတဲ့ ဆိုင်ခန်းတွဲ အနောက်ဘက်ကနေ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ရေတွင်းနဲ့နီးတဲ့အိမ်ကနေ မီးစလောင်တာပါ။ ဒိုင်နမိုပြင်ဆိုင်နဲ့ နီကိုစတီးဆိုင်တို့ပါ မီးကူးသွားပြီး စုစုပေါင်း အိမ် ၄ လုံး မီးထဲပါသွားပါတယ်။ မီးလောင်မှု ဖြစ်ဖြစ်ချင်း ရပ်ကွက်က ဒေသခံ ၅/၆ ယောက် အဖွဲ့ကပဲ မီးဝိုင်းငြှိမ်းကြပါတယ်။ နောက်ပိုင်းမှာ မီးသတ်ကားပါရောက်လာပြီး မီးငြှိမ်းပေးသွားပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကော့ကရိတ်မှာ ဒေသခံတွေ အများအပြား စစ်ဘေးရှောင်နေကြတာဖြစ်ပြီး မြို့ကနေ တိမ်းရှောင်ကြသူ အများစုက လက်နက်ကြီးနဲ့ လေယာဉ်အန္တရာယ်ကြောက်လို့ ရှောင်ကြတာဖြစ်ပါတယ်။ အခုရက်ပိုင်း တိုက်ပွဲနည်းသွားတဲ့ အတွက် ကိုယ့်အိမ်ကိုယ် လာပြန်ကြည့်ကြသူတွေလည်း ရှိနေပါတယ်။

လတ်တလော ကော့ကရိတ်မြို့မှာ သူခိုးတွေ သောင်းကျန်းနေကာ ပြီးခဲ့တဲ့တပတ်အတွင်း ဗိုလ်ချုပ်လမ်းကအိမ်တွေ အဖောက်ခံရသလို ကြည်ရတနာဆေးဆိုင်၊ အိမ်ဝါလျှပ်စစ်ပစ္စည်းဆိုင်နဲ့ ဦးကြက်ခွပ်အိမ်တို့ အဖောက်ခံရတယ်လို့ မြို့ခံထံက သိရပါတယ်။

တိုက်ပွဲတွေ မကြာခဏဖြစ်တာကြောင့် ကော့ကရိတ်မြို့ထဲနဲ့ မြို့ပြင်က လူနေအိမ်တွေလည်း လက်နက်ကြီးကျည် ထိမှန် မီးလောင်ပျက်စီးတာလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013