DVB Logo
Home
မြန်မာသတင်း
စဉ့်ကူး ပျူစောထီးရွာ တိုက်ခိုက်ခံရ၊ ကလေး ရဲတပ်သား ၂ ဦးကို မြို့ပြစစ်ဆင်ရေးအဖွဲ့ ဖမ်းဆီး
DVB
·
January 15, 2024
စဉ့်ကူး ပျူစောထီးရွာ တိုက်ခိုက်ခံရ၊ ကလေး ရဲတပ်သား ၂ ဦးကို မြို့ပြစစ်ဆင်ရေးအဖွဲ့ ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဧရာဝတီမြစ်အတွင်းက စစ်အုပ်စုအမာခံ တပ်သတင်းပေး ပျူစောထီးရွာဖြစ်တဲ့ ရွာသာယာကျေးရွာကို စမ်းသပ်ရော့ကက် အလုံး ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ No More Dictatorship People Defence Force - NMD ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါကျေးရွာမှာ စစ်အုပ်စုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်၊ ပျူစောထီး ၄၀ ခန့်နဲ့ အထိုင်ချ တပ်စွဲထားပြီး မန္တလေးမြို့ကနေ အထက်ပိုင်း ဗန်းမော်၊ ကသာ၊ ထီးချိုင့်နဲ့ ကချင်ပြည်နယ်ဘက်ကို ရိက္ခာပို့ရာမှာ တထောက်နားတဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။

No More Dictatorship People Defence Force - NMD ရဲ့ တာဝန်ရှိသူတဦးက “ကျနော်တို့ ဒီ အဆင့်မြင့် ရော့ကက်ပေါ့နော်၊ အဆင့်မြင့်ရော့ကက် ရှော့ဒုန်းတွေပေါ့၊ လက်လုပ်တွေ ဆိုတဲ့ခါကျတော့ ထိခိုက်မှုကတော့ အားနည်းသေးတယ်။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီးတော့ စမ်းသပ်ထုတ်လုပ်နေတဲ့ ကျနော်တို့မဟာမိတ်တွေ စမ်းသပ်ထုတ်လုပ်နေတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီထက်ပိုပြီးတော့ ကောင်းအောင်လို့ပေါ့နော်၊ ထပ်ပြီးတော့ ပြုပြင်သင့်တာ ပြုပြင်မယ်၊ upgrade တင်သင့်တာ တင်မယ်ပေါ့နော်။ အဲ့တော့ နောက်ကျရင်တော့ ကျနော်တို့ ဒီပစ္စည်းတွေကို ပိုပြီး အဆင့်မြင့်လာတယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့ ငွေကုန်ကြေးကျနည်းနည်းနဲ့ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

ရွာသာယာဟာ ဧရာဝတီမြစ်အတွင်းက ကျွန်းရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ ခန့်ရှိကာ အိမ်ခြေတဝက်ခန့်က အရပ်သားပြည်သူတွေကတော့ အရင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် နေအိမ်တလုံး မီးလောက်ပျက်စီးခဲ့ပြီး နောက်ဆက်တွဲ ထိခိုက်ပျက်စီး သေဆုံးမှု အခြေ‌အနေ အသေးစိတ်ကိုတော့ စုံစမ်းလို့ မရသေးဘူးလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ရွာသာယာရွာဟာ ဧရာဝတီမြစ်အနီးအနားရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး တိုက်ခိုက်ရာမှာလည်း အထိုင်ချ အင်အားဖြည့်တဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်အုပ်စုဟာ ရွာသာယာရွာအနီးက ကြက်တူရွေး၊ ရွာသစ်ကုန်း၊ ဟင်္သာကြီး စတဲ့ရွာတွေကို ၂ လအတွင်းမှာပဲ ဒရုန်းနဲ့ ဗုံးသီး ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက် ဒဏ်ရာရခဲ့တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံအမြောက်အမြား နီးစပ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း စဉ့်ကူးဒေသခံတွေထံက သိရပါတယ်။

ရွာသာယာ ပျူရွာမှာ ပျူတွေကို စစ်သင်တန်းပေးတာ၊ စစ်ရေးလေ့ကျင့်ပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် စစ်အုပ်စုရဲ့ အရေးပါတဲ့ နေရာတခု ဖြစ်တာကြောင့် တော်လှန်ရေးအင်အားစု မဟာမိတ်တပ်ဖွဲ့တွေ ထုတ်လုပ်တဲ့ အဆင့်မြင့် စမ်းသပ် ရော့ကက်ဒုံးတွေ အသုံးပြုကာ စစ်ရေးအရှိန် တိုးမြှင့်သွားမယ်လို့လည်း NMD က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို No More Dictatorship People Defence Force - NMD နဲ့ Urban Special Operation (USO စစ်ဆင်ရေး)၊ Security & Special Task Force (SSTF-MDY)၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ စဉ့်ကူးမြို့နယ် ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်မှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်း ၂ ဦးကို ကလေးမြို့ပြစစ်ဆင်ရေးအဖွဲ့က ဇန်နဝါရီ ၁၃ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

ကလေးမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်း ၂ ဦးဟာ ကလေးတက္ကသိုလ်မှာ အထိုင်ချနေရပြီး တက္ကသိုလ်အပြင်ဘက်ကို အရပ်ဝတ်နဲ့ ကင်းလှည့်လာစဉ် ကလေးမြို့ပြစစ်ဆင်ရေးအဖွဲ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါရဲတပ်သား ၂ ဦးဟာ ပဲခူးဘက်ကနေ ကလေးမြို့မှာ တာဝန်ကျနေတဲ့ အသက် ၂၀ ကျော်အရွယ် ရိုးရိုးရဲဝန်ထမ်း‌တွေသာ ဖြစ်ကြပြီး မူးယစ်ဆေးစွဲနေတယ်လို့ ‌ကလေးမြို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့ ၂ ယောက်လုံး မူးယစ်ဆေးစွဲနေကြတာ။ ကျနော်တို့က သတင်းရလို့ မြို့ထဲဝင်ဖမ်းခဲ့တာ။”

လက်ရှိ အဲ့ဒီရဲဝန်ထမ်း ၂ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရထံ တင်ပြထားပြီး NUG ရဲ့ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ရဲတပ်သား ၂ ဦး ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိပေမဲ့ ဖမ်းဆီးခံရကြောင်း သိရှိထားတယ်လို့ ကလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတဦးက ပြောထားပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကလည်း ကလေးမြို့ သဇင်ရပ်ကွက်ရှိ BMB-KTV နဲ့ အနှိပ်ခန်းမှာ စစ်ကောင်စီတပ်ကြပ် မင်းဇော်ဦး၊ ကလေးခရိုင် မြန်မာ့စီးပွားရေးမန်နေဂျာ ထွန်းထွန်းနိုင်နဲ့ အငယ်တန်းစာရေး ငြိမ်းခန့်ဇော်တို့ ၃ ဦးကို ကလေး PDF က ဖမ်းဆီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013