DVB Logo
Home
Lead Story
တစ္ဆေကြောက်ပြီး သီချင်းဆိုတဲ့ သာဝ
DVB
·
January 15, 2024
တစ္ဆေကြောက်ပြီး သီချင်းဆိုတဲ့ သာဝ
Donate to DVB

စိတ်ညစ်ရင် ဂီတာတီး သီချင်းဆို၊ ကြောက်စိတ်ဝင်လာရင် စိတ်ထွက်ပေါက်အဖြစ် သီချင်းဆို၊ ညကြီးအချိန်မတော် အပြင်ထွက်ရလို့ တစ္ဆေကြောက်ရင် သီချင်းအော်ဆို၊ စိတ်ထွက်ပေါက်ရပြီး ကြောက်စိတ် အနည်းငယ် ပြေသွားလိမ့်မယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း မတရားမှုတွေအတွက် မကောင်းမှု အကုသိုလ် အကျိုးပေးလာနေပြီ ဖြစ်တယ်။ တော်လှန်သူတွေရဲ့ ခြေသံတွေ ကြွေးကြော်သံတွေက နေ့နေ့ညည သူ့ကို ခြောက်လှန့်နေကြပြီ ဖြစ်တယ်။

စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ အိပ်မက်ဆိုးတွေမက်ကာ ကြောက်လန့်ပြီး ရွေးကောက်ပွဲသီချင်း မနားတမ်းသီဆို အော်ဟစ်နေတယ်။ ရွေးကောက်ပွဲ သီချင်းလို့သာ ပြောရတာ သီချင်းက အစမရှိ အဆုံးမရှိ သံစဉ်မရှိနဲ့ သေခါနီးလူနာ ကယောင်ကတမ်း ညည်းသလို ဖြစ်နေတယ်။

ရွေးကောက်ပွဲဆိုတာ သူ့ရဲ့ နောက်ဆုံးဆေးမြီးတိုမို့ ပါးစပ်က တတွတ်တွတ် ရွတ်ဆိုနေပေမဲ့ အာဏာစသိမ်းကတည်းက ပြောလာလိုက်တာ ၃ နှစ်ပြည့်ခဲ့ပြီ၊ ဒီကနေ့အထိ ပြောနေတုန်းပဲ။ ၁ နှစ်ပြည့်ရင် ရွေးကောက်ပွဲ ကျင်းပပေးမယ်။ ၁ နှစ်ပြည့်သွားတယ်၊ တိုင်းပြည်က မတည်ငြိမ်လို့ မကျင်းပနိုင်။ ၆ လ သက်တမ်းတိုးတယ်၊ မတည်ငြိမ်သေး မကျင်းပနိုင်။ နောက်ထပ် ၆ လ တိုးတယ်၊ မတည်ငြိမ်တဲ့အပြင် ပိုဆိုးလာတယ်။ တဖြည်းဖြည်း တော်လှန်ရေးက တလှိုင်းပြီးတလှိုင်း တိုးတိုးလာသလို မအလကလည်း ၆ လပြီး ၆ လနဲ့ သူ့တပ်ထဲမှာ ချတွေ လောက်တွေ ချ/လောက်တွေ ပိုများလာတယ်။ ဖရဲသီးတွေ၊ CDM တွေ၊ အလင်းဝင်တာတွေ၊ လက်နက်ချတာတွေ၊ ပိုပိုများလာလိုက်တာ ဗိုလ်ချုပ်၊ ဗိုလ်မှူးကနေ ဟိုးအောက်ခြေစစ်သားနဲ့ သူတို့မယားတွေပါ တိုးပြီးရင်း တိုးတိုးလာခဲ့တယ်။ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ခရီးကဖြင့် ရှေ့ကိုတိုးမလာနိုင်ခဲ့ပါဘူး။

ရွေးကောက်ပွဲ ကျင်းပမယ်၊ အနိုင်ရပါတီရဲ့ အစိုးရကို အာဏာလွှဲပေးမယ်၊ မင်းအောင်လှိုင်က အဆင်ပြေပြေ သာသာယာယာ ပုဆိုးလေး ဖုတ်ဖက်ခါပြီး ဆင်းသွားမယ် ဆိုတဲ့သဘော။ အဲ့ဒီလောက်လွယ်မယ်ထင်နေရင်တော့ဖြင့် ဘာရမလဲ သာဝရာ ထပ်ပြောရမှာပဲ။ ပြည်သူတွေက သူ့စစ်တပ်က စစ်သားတွေလို ငတုံးငအတွေ မဟုတ်ကြဘူးလို့ ဆိုရလိမ့်မယ်။ အနိုင်ရပါတီ ဆိုရာမှာလည်း မင်းအောင်လှိုင်ရဲ့ လက်ဝေခံ ပေးတာယူ ကျွေးတာစား ခံမပြောနဲ့ ခွေးကိုက်ခံရမယ်ဆိုတဲ့ ပါတီကိုသာ အနိုင်ပေးဖို့ အားလုံး အပီအပြင် ဇယားဆွဲပြီးသား (ရွေးကောက်ပွဲ ကျင်းပဖြစ်ရင်ပေါ့လေ၊ ဤကား စကားချပ်) ဖြစ်ပါတယ်။ မုန့်ဆီကြော်က မကြော်ရသေးဘူး၊ ပါးသက်နာက အရင်ကုထားပြီးလောက်ပြီ။

အခုဆို ကြည့်စမ်း၊ နိုင်ငံအနှံ့ မအလရဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ညီညီညွတ်ညွတ် တော်လှန်တိုက်ခိုက်နေကြတာ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ကယား နေရာအစုံ ဒေသအစုံ စခန်းကြီး စခန်းငယ် မြို့ရွာတွေ ထိန်းချုပ်သိမ်းပိုက်ကာ အောင်ပွဲတွေအလီလီနဲ့ မင်းအောင်လှိုင်နားရွက် တံတွေးစွတ်ရုံမက နှာခေါင်းကိုပါ ဆွဲလိမ်နေကြပြီ။

ဟိုတနေ့က သတင်းတခု‌ ကြည့်လိုက်ရတယ်။ မြန်မာနိုင်ငံမှာ မြို့ပေါင်း ဘယ်နှစ်မြို့ရှိတယ်၊ ဘယ်နှစ်မြို့သိမ်းပြီး ဘယ်နှမြို့ကျန်လို့ ဘယ်နှရာခိုင်နှုန်း မသိမ်းပိုက်နိုင်သေးဘူး။ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက် ဘာညာဆိုပြီး ဆရာကြီးအထာနဲ့ အာရွှီးသွားတာ ဟုတ်နေတာပဲ။ နားထောင်ပြီး စိတ်ထဲမှာ ကလိကလိနဲ့ တီဗီ‌ရှေ့က‌နေ ထိုင်ကြည့်ရင်း ပြန်ပြောလိုက်တယ်။ “အပင်လဲရင် ကိုင်းဖျားကိုင်းနားတွေက အလိုလို ထင်းဖြစ်သွားတာလေ ဆရာကြီးရဲ့” လို့ တိုးတိုးလေးပြောလိုက်မိတာ သူကတော့ မသိဘူး၊ အနားမှာထိုင်‌နေတဲ့ ဇနီးဖြစ်သူက ပြုံးပြုံးကြီး ကြည့်ပြီး ဩဘာပေးတယ်။ ဟုတ်တယ်လေ ကိုင်းဖျားလေးတွေ တခုချင်း လိုက်ခုတ်နေမလား ပင်စည်ခုတ်လိုက်ရင် ပြီးပြီလေ။

မထိန်းချုပ်နိုင်သေးတဲ့မြို့တွေ အများကြီးကျန်သေးတယ်။ ဒါပေမဲ့ အရေးပါတဲ့မြို့တွေကို ထိန်းချုပ်လိုက်တာနဲ့ သူ့အလိုလို ထိန်းချုပ်ပြီးသားဖြစ်သွားပြီး လူထုက ငါတို့မြို့ ငါတို့ပိုင်တယ် ဆိုတဲ့အတိုင်း ကိုယ့်မြို့ကို ကိုယ်ကာကွယ်ကြရမှာ ဖြစ်တယ်။

အာဏာသိမ်းခါစတုန်းက သူ နိုင်မယ်အထင်နဲ့ အပစ်ရပ်ဆွေးနွေးရင်တောင် PDF တွေကို မဆွေးနွေးဘူးဆိုပြီး ဆရာကြီးအထာနဲ့ ဖြဲသွားတယ်။ အံမယ် သူ့နောက်လိုက် ဟိုဘိန်းစားတိုင်းရင်းသားက လက်နက်ကိုင်ပြီးရင် ဓားပြဖြစ်မယ့်ကောင်တွေဆိုပြီး သခင်အားရ ကျွန်ပါးဝစကား ပြောခဲ့သေးတာ။ တော်လှန်ရေးအလွန် ဘောက်ချာစုတ်ခံရမယ့်အထဲမှာ အဲဒီလိုလူစားတွေ အဲ့လိုလူမျိုးတွေ အများကြီးရှိတယ်။ အဲဒီအချိန်ကျ ငိုသံကြီးနဲ့ ဗြောင်လိမ် ဗြောင်စား လုပ်ကြလိမ့်ဦးမယ်။

၂၀၁၄ မှာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ တစ္ဆေကြောက်ပြီး ကဗျာလွတ် သီချင်းဆိုသံတွေ မချိတင်ကဲ လွမ်းချင်းဆိုသံတွေ ကာရန်မညီတဲ့ အော်ညည်းသံတွေ ပိုပိုကြားလာရနိုင်သလို ကလီကမာ ကလိမ်ကကျစ် ဗြောင်လိမ်ဗြောင်စား အောက်တန်းကျ စကားတွေနဲ့ သီဆိုသံတွေ ပွက်ပွက်ညံအောင် ကြားကြရပါတော့မယ် ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013