DVB Logo
Home
မြန်မာသတင်း
ပလက်ဝနှင့် ဒီးမော့ဆိုက စစ်ဘေးရှောင်များ အရေးပေါ် အကူအညီလိုအပ်
DVB
·
January 14, 2024
ပလက်ဝနှင့် ဒီးမော့ဆိုက စစ်ဘေးရှောင်များ အရေးပေါ် အကူအညီလိုအပ်
Donate to DVB

ကရင်နီပြည်၊ ဒီးမော့ဆိုနဲ့ ချင်းပြည်နယ်၊ ပလက်ဝက စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ လိုအပ်နေကြပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၄၀,၀၀၀ ကျော်အထိ ရှိလာပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အရေး အကူအညီပေးနေသူတွေဆီက သိရပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက စပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့တဲ့အတွက် ပလက်ဝမြို့၊ ဆမီးမြို့အပါအဝင် အနီးဝန်းကျင်ကျေးရွာက ပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေအပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ နေကြရတဲ့အတွက် အစားအသောက် ဝယ်ယူဖို့ ခက်ခဲနေပြီး ငွေကြေးလည်းမရှိကြတဲ့အတွက် အငတ်ဘေးကြုံရမယ့် အခြေအနေမှာ ရှိနေပြီလို့ ပလက်ဝ၊ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေထဲမှာ ကလေးငယ်နဲ့ အသက်အရွယ်ကြီးရင့်သူတွေပါဝင်ပြီး ချင်းပြည်နယ်မှာ ရာသီဥတုအေးတဲ့အတွက် အနွေးထည်၊ စောင်၊ အဝတ်အထည်တွေလည်း အရေးတကြီး လိုအပ်နေပါတယ်။

ပလက်ဝခရိုင်စစ်ဘေးရှောင်ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်လျက်ရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပြည်တွင်း၊ ပြည်ပ တိုင်းရင်းသားညီအကို မောင်နှမတွေနဲ့ NGO၊ INGO တွေက အကူအညီပေးကြဖို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက တောင်းဆိုထားပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ရှောင်လာတဲ့ ရွှေတောင်စခန်းက ပြည်သူတွေဟာ စစ်ရှောင်ကာလ ၂ လဝန်းကျင်ရှိနေပြီး ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

ရွှေတောင်စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၈ အိမ်ရှိပြီး လူဦးရေ ၇၀ ကျော်နေထိုင်ကာ သက်ကြီးရွယ်အိုနဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ ပြည်သူ ၃ ယောက်နဲ့ ၁၈ နှစ်အောက် ကလေးငယ် ၁၀ ယောက်လည်း နေထိုင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလွှားလာရပြီး အိုးခွက်ပန်းကန်တွေလည်း မလုံလောက်ဘူးလို့ ဆိုပါတယ်။

လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား နိုဝင်ဘာ ၁၁ ရက်ကစပြီး ဒီနေ့အချိန်အထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အသုံးအဆောင်ပစ္စည်းတွေ၊ ရိက္ခာတွေကိုလည်း ပြန်မယူရဲဘဲ ကျေးရွာက ဒေသခံပြည်သူတွေ ကူညီပေးတာနဲ့ ရှေ့ဆက်နေကြရတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်အထိ ရှိနေပြီး စစ်ရှောင်ကာလကြာမြင့်လာတာ၊ စစ်ဘေးရှောင်ပြည်သူဦးရေ တိုးလာတာ၊ ထောက်ပံ့ပေးတဲ့ အလှူရှင်တွေ နည်းပါးလာတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်၊ အနွေးထည် စတာတွေ လိုအပ်ချက်များနေပြီး စစ်ရှောင်စခန်းတချို့မှာ တရက်ကို ထမင်းတနပ်လောက်ပဲ စားရတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013