DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ပြည်သူ့စစ်က ‌လူငယ်များကို မတရားပေါ်တာဆွဲနေဟု လွှတ်တော်အမတ်ပြော
DVB
·
June 10, 2026
Photo : DVB
Photo : DVB
Donate to DVB

မန္တလေးမြို့မှာ ပြည်သူ့စစ်တွေ မတရားဖမ်းဆီး ပေါ်တာဆွဲလို့ ပါသွားတဲ့ လူငယ်တချို့ကို လွှတ်တော်အမတ်တွေကိုယ်တိုင် လိုက်ထုတ်ပေးနေရတယ်လို့ ချမ်းအေးသာစံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုထွေးက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကတဆင့် တိုင်းဒေသကြီးအစိုးရကို မန္တလေးမြို့က ပြည်သူ့စစ် အမည်ခံတွေကို ကြီးကြပ်စစ်ဆေးဖို့ အစီအစဥ် ရှိ၊ မရှိ မေးမြန်းရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

လွှတ်တော်အမတ် ဦးကိုကိုထွေးက “မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်ထားတယ်။ အဲဒီမှာ ကလေးတွေ အကူအညီ လာတောင်းတယ်။ ကျနော်တို့ကလည်း အချိန်နဲ့တပြေးညီ သိရှိအောင် လုပ်ပြီး သူတို့ကို ကူညီဖို့ လုပ်ပါတယ်။ ဘာတွေကူညီပေးခဲ့လဲဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတွေ၊ ကျောင်းတက်နေတဲ့ ကလေးတွေ ပါသွားရင် လိုက်ထုတ်ပေးတာ ၂ ယောက်ရှိပါပြီ” လို့ ပြောပါတယ်။

မန္တလေးမြို့ပေါ်တင်မကဘဲ မြို့ပြင် ရပ်/ကျေးတွေက လူငယ်တွေလည်း ပျောက်ဆုံးမှုရှိနေပြီး နောက်ကျော မလုံမှုတွေ ခံစားနေရတယ်လို့လည်း သူက ပြောပါတယ်‌။

“လိုင်စင်မဲ့ ကားကြီးတွေနဲ့ သေနတ်ကြီးတွေနဲ့ တရားဝင်ရော၊ တရားမဝင်ရော ဒါတွေနဲ့ ဆွဲဆွဲ သွားတာမှာ ကလေးတွေရဲ့ နောက်ကျောမလုံမှုကိစ္စကို ဖြေရှင်းပေးဖို့ လုပ်တာပါ။”

ဒါ့အပြင် မန္တလေးမြို့တွင်းမှာ ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်အဖွဲ့တွေ မထားဖို့၊ မဟာအောင်မြေ ခရိုင်အတွင်းက ပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းဖို့ စတဲ့အချက်တွေကိုလည်း သူက ပြောသွားပါတယ်။

အဲဒီမေးမြန်းမှုတွေနဲ့ ပတ်သက်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ပြန်လည်ဖြေကြားရာမှာ “ပြည်သူ့စစ်တွေကိုလည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်၊ စည်းကမ်းမဲ့ ပြည်သူ့စစ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကြားမြင် သိရှိခဲ့လို့ တိုင်ကြားလာခဲ့ရင် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမယ်” လို့ ဆိုပါတယ်။

ဒါပေမဲ့ မန္တလေးမြို့မှာ နေ့ခင်းဘက်အချိန်တွေမှာတင် လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးခံရမှုတွေ ကြောင့် ပျောက်ဆုံးနေဆဲဖြစ်ပြီး လူငယ်တွေအတွက် လုံခြုံရေး စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောကြပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ငွေနဲ့ပြန်ရွေးရတာတွေ ရှိသလို တချို့မှာလည်း စစ်မှုထမ်းအတွက် ရောင်းစားခံနေကြရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက မတရားဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တယောက်ရဲ့ မိသားစုဝင်က DVB ကို ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013