DVB Logo
Home
မြန်မာသတင်း
ပလက်ဝနှင့် ကျောက်တော်မြို့နယ်က ဗျူဟာကုန်းနှင့် တပ်စခန်းကို အေအေ သိမ်းပိုက်
DVB
·
January 14, 2024
ပလက်ဝနှင့် ကျောက်တော်မြို့နယ်က ဗျူဟာကုန်းနှင့် တပ်စခန်းကို အေအေ သိမ်းပိုက်
1 / 3
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ဗျူဟာကုန်း ၂ ခုနဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က တပ်စခန်း ၁ ခုကို ဇန်နဝါရီ ၁၂ ရက်နေ့က အေအေက သိမ်းပိုက်ရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ခန်ခတောင် ဗျူဟာစခန်းနဲ့ မီးဝဗျူဟာကုန်းတို့ကို သိမ်းပိုက်ရရှိထားပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလက်ဝမြို့နယ်အတွင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့  လက်ကျန်ဗျူဟာ စခန်းတခုဖြစ်တဲ့ ခန်ခတောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်‌တော်(အေအေ)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် နောက်ထပ်ဗျူဟာကုန်းကြီးတခုဖြစ်တဲ့ ပလက်ဝ-ကျောက်တော်အစပ်မှာရှိတဲ့ မီးဝဗျူဟာကုန်း တခုလုံးကိုလည်း ဇန်နဝါရီ ၁၃ ရက် ညနေ ၆ နာရီခန့်မှာ ရက္ခိုင့်တပ်တော်(အေအေ)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ရယူထားနိုင်ခဲ့ပြီလို့ ဆိုထားပါတယ်။

အဲဒီဗျူဟာကုန်း သိမ်းပိုက်ရရှိမှုနဲ့ပတ်သက်တဲ့ အသေးစိတ်ထုတ်ပြန်ချက်ကို မထုတ်ပြန်သေးဘဲ နောက်ဆက်တွဲ ဖော်ပြမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပလက်ဝမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်း ခလရ ၂၈၉ တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီလို့ မြေပြင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပလက်ဝမြို့မှာ အခြေစိုက်ထားတဲ့ ခလရ ၂၈၉ တပ်ရင်းကိုလည်း အေအေက သိမ်းပိုက်ထားပြီလို့ မြေပြင်သတင်းတွေအရ သိရတယ်။ တိတိကျကျတော့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်မှပဲ သိရမယ်။ စကခမှူးတွေ၊ ဗျူဟာမှူးတွေ၊ တပ်မမှူးတွေပါ အရှင်ဖမ်းရထားလို့ သိရတယ်။ အခုသိမ်းပိုက်တဲ့ ဗျူဟာကုန်းတွေ တပ်ရင်းတွေက ပလက်ဝမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေဖြစ်ပြီး စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ ပြောလို့ရပြီ” လို့ ပြောပါတယ်။

အခုသိမ်းပိုက်ရရှိထားတဲ့ ဗျူဟာကုန်း ၂ ခုကို ဇန်နဝါရီ ၁ ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ၁၃ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

 မြေပြင်သတင်းတွေအရ စကခ ၁၉ ရဲ့ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ အပါအဝင် တပ်မမှူးနဲ့ ဗျူဟာမှူးတယောက်ကိုပါ အရှင်ဖမ်းမိထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီဗွီဘီအနေနဲ့ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဗျူဟာကုန်းတွေ၊ တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံနေရတဲ့ ပလက်ဝမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင်း အရပ်သား သေဆုံးသူ ၄ ယောက်ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၅ ယောက် ထက် မနည်း ရှိခဲ့ပါတယ်။

ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် အေအေက စစ်ကောင်စီရဲ့ ဗျူဟာကုန်း ၅ ခု အပါဝင် တပ်စခန်းပေါင်း ၂၄ ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဖက်မှာလည်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲနဲ့ ပေါက်တောမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်နေကြပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ခုခံနေရပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ ညနေပိုင်းမှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က  ဦးစွန်းတောင် စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် အေအေက သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကျောက်တော်မြို့နယ် ကန်စောက်တောင်နဲ့တဆက်တည်း အမတ ၃၇၇ ရဲ့ လက်အောက်ခံ ဦးစွန်းတောင်တပ်စခန်းကို ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၂ နာရီလောက်မှာ ရက္ခိုင့်တပ်တော် အေအေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ် လောက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကာ ခမတ ၃၇၇ အမြောက်တပ်နဲ့ ခမရ ၅၃၉ တပ်ရင်းတွေထဲကို ဝင်ပြေးသွားကြပြီး လက်နက်ခဲယမ်းတွေလည်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကန်စောက်ကျေးရွာအနီးဝန်းကျင်တွေကို ခမရ ၅၃၉ နဲ့ အမတ ၃၇၇ တပ်ရင်းတို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ ကန်စောက်ကျေးရွာက နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီလောက်မှာ ကန်စောက်ဘုန်းကြီးကျောင်းက ကိုရင်တပါး လက်နက်ကြီးကျည်စထိမှန်ပြီး ပျံလွန်တော်မူခဲ့တယ်လို့ ပြောပါတယ်။

ခမရ ၅၃၉ တပ်ရင်းကို ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့ပြီး အမတ ၃၇၇ တပ်ရင်းကိုပါ အပြီးသတ် သိမ်းပိုက်နိုင်အောင် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013