
အင်ဒိုနီးရှားနိုင်ငံက PT Freeport Indonesia ကုမ္ပဏီရဲ့ ဂရက်စ်ဘာ့ဂ်ရွှေနဲ့ ကြေးနီသတ္ထုတွင်း လုပ်ငန်းစဉ်ဟာ မျှော်မှန်းထားတာထက် ပိုကြာနေပေမဲ့ ကုမ္ပဏီဟာ ၂၀၂၇ ခုနှစ်ကုန်မှာ အပြည့်အဝ စွမ်းဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ အမှုဆောင်အရာရှိချုပ်က မေ ၂၀ ရက်မှာ ပြောပါတယ်။
မနှစ်က စက်တင်ဘာလမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ကြေးနီတွင်းနဲ့ အကြီးဆုံးရွှေတွင်းဖြစ်တဲ့ ဂရက်စ်ဘာ့ဂ်သတ္တုတွင်းက ရှုပ်ထွေးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဂရက်စ်ဘာ့ဂ် ဘလောက်ဂူထဲမှာ မြေစာတွေ မက်ထရစ်တန်ချိန် ၈ သိန်းလောက် ရေလွှမ်းမိုးခဲ့လို့ အလုပ်သမား ၇ ယောက် သေဆုံးခဲ့ရပါတယ်။
သတ္တုတွင်းမှာ ထုတ်လုပ်မှု ပြတ်တောက်လို့ ဝယ်လိုအား မြင့်တက်လာချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကြေးနီ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။
လက်ရှိမှာ အင်ဒိုနီးရှားရဲ့ အစိုးရပိုင်ကုမ္ပဏီက အများစုပိုင်ဆိုင်ပြီး အမေရိကန်အခြေစိုက် Freeport-McMoRan FCX.N လုပ်ငန်းက လည်ပတ်နေတဲ့ သတ္ထုတွင်းဟာ ပုံမှန်စွမ်းရည်ရဲ့ ၅၀ ရာခိုင်နှုန်းသာ လည်ပတ်လုပ်ကိုင်နေတယ်လို့ Freeport Indonesia ရဲ့ CEO တိုနီဝီနက်စ်က မြို့တော်ဂျကာတာက ကုမ္ပဏီဌာနချုပ်မှာ လုပ်တဲ့အင်တာဗျူးမှာ ပြောပါတယ်။
အခုနှစ်နှောင်းပိုင်းမှာ ၆၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့လည်း သူက ထပ်ပြောပါတယ်။ ဂရက်စ်ဘာ့ဂ်သတ္ထုတွင်းဟာ ၁၉၆၉ ခုနှစ်ကစပြီး လက်နက်ကိုင်ခွဲထွက်ရေးလှုပ်ရှားမှုတွေ ရှိနေပြီး သယံဇာတအရင်းအမြစ်ကြွယ်ဝတဲ့ ပါပူအာဒေသမှာ ရှိပါတယ်။
၂၀၀၂ ခုနှစ်ကစပြီး Freeport ဝန်ထမ်းတွေ အကြိမ် ၁၀၀ နီးပါး တိုက်ခိုက်တာခံခဲ့ရလို့ လုံခြုံရေးက စိုးရိမ်စရာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
Source: Reuters










