DVB Logo
Home
မြန်မာသတင်း
မင်းပြားနှင့်ကျောက်တော်တွင် လက်နက်ကြီးနှင့်မိုင်းကြောင့် အမြွှာ ၂ ဦးအပါအဝင် ၅ ဦးသေဆုံး
DVB
·
January 13, 2024
မင်းပြားနှင့်ကျောက်တော်တွင် လက်နက်ကြီးနှင့်မိုင်းကြောင့် အမြွှာ ၂ ဦးအပါအဝင် ၅ ဦးသေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် ဇန်နဝါရီ ၁၂ ရက်နေ့က အမြွှာ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းပြားမြို့နယ် ပိုက်သည်(မွတ်ဆလင်)ကျေးရွာကို ဇန်နဝါရီ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်က မင်းပြားအခြေစိုက် မယ်တော်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေး ၁ ယောက် အပါဝင် ၃ ယောက်သေဆုံး၊ ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးခဲ့သူတွေကတော့ ပိုက်သည်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးလှမောင်သိန်းနဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်လှလှမေ(ခေါ်)ဖော်ကုနီတို့ဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် အာလီဇူဖော့ကာနဲ့ အသက် ၆ နှစ်အရွယ် ရှာဖူတို့မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဒဏ်ရာရရှိတဲ့အထဲက မောင်အာလီဇူဖော့ကာဟာ ဘယ်ဘက်ခြေထောက်တဖက် ပြတ်ထွက်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့လို့ နီးစပ်ရာဆေးရုံတခုမှာ ဆေးဝါးကုသမှုခံယူနေတုန်း ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၅ နာရီလောက်မှာ ထပ်မံ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်မှာလည်း ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီရဲ့ ဇက်နေဗီကတက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀ ယောက်လောက်က နေအိမ်တွေကို ဝင်ရောက်ပြီး ပြည်သူ ၄ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ်မှာတော့ ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကိုနင်းမိလို့ မွတ်ဆလင်တယောက် ခြေထောက်တဖက် ပြတ်ထွက်သွားပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တော်အခြေစိုက် ခမရ ၃၇၆ တပ်ရင်းအနားက လယ်ကွင်းမှာ စျေးဝကျေးရွာက အသက် ၂၈ နှစ်အရွယ် အာမီတူဆောင်းဖြစ်ပြီး ဒေါင်တော်ယိုးရွာဘက်ကို နွားသွားဝယ်တဲ့အချိန်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး ဘယ်ဘက်ခြေထောက်တဖက် ပြတ်ထွက်သွားကာ နောက်ခြေထောက်တဘက်လည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာမီတူဆောင်းရဲ့ ဒဏ်ရာပြင်းထန်လို့ အသက်အန္တရာယ်စိုးရိမ်ရပြီး နီးစပ်ရာ ဆေးရုံတခုမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့လည်း ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး အမျိုးသမီးတယောက် ခြေထောက် တဖက်ပြတ်ထွက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၈ နာရီလောက်က ကျောက်တော်မြို့နယ်၊ ကံသုံးဆင့်ရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက် ၁၄ နှစ်အရွယ် အမြွှာမောင်နှမ ၂ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်လို့ ၆ ယောက်လုံး ဒဏ်ရာရခဲ့ကြပြီး ကန်ဇောက် ဆေးရုံအရောက်မှာ အမြွှာမောင်နှမ စိုးစိုးနဲ့ ထွန်းထွန်းတို့ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကလေး ၂ ယောက်အပါအဝင် ၆ ယောက်ဒဏ်ရာရတယ်။ ကလေး ၂ ယောက်က ဆေးရုံရောက်ပြီး ၁ နာရီအကြာမှာ ဆုံးသွားတာ။ ကျန်တဲ့ ၄ ယောက်က ဆေးကုသမှုခံယူနေတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ကလေးတွေရဲ့ အမေလည်းပါတယ်။ ကလေးတွေက အဖေမရှိတော့ဘူး။ အမေနဲ့ သားအမိ ၃ ယောက်နေကြတာ” လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်က ကံသုံးဆင့်ကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ နီးပါးရှိပြီး မြိုတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်ဘက်ကို ကျောက်တော် ခလရ ၅၃၉ နဲ့ မြောက်ဦး ခမရ ၅၄၀၊ ၃၇၇ တပ်ရင်းတွေဘပ်က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိပြီး အခုပေါက်ကွဲတဲ့ လက်နက်ကြီးက ဘယ်ဘက်က ပစ်တာလဲဆိုတာကိုတော့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013