DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံသားများကို အရန်ရဲအဖြစ်ခန့်ရန် စင်ကာပူ စဉ်းစားနေ
DVB
·
January 13, 2024
အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံသားများကို အရန်ရဲအဖြစ်ခန့်ရန် စင်ကာပူ စဉ်းစားနေ
Donate to DVB

အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံသားတွေကို စင်ကာပူနိုင်ငံ အရန်ရဲတပ်ဖွဲ့မှာ ခေါ်ယူခန့်ထားဖို့ စဉ်းစားနေတယ်လို့ စင်ကာပူ ဥပဒေရေးရာနဲ့ ပြည်ထဲရေးဝန်ကြီး ကေရှန်မူဂန်က စင်ကာပူလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်သားတွေကို အရန်ရဲတပ်ဖွဲ့အင်အားအဖြစ် စင်ကာပူက ခေါ်ယူခန့်ထားလေ့ရှိပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာ ဝင်ရောက်မှုနည်းပါးလာတာကြောင့် တခြားနိုင်ငံတွေကပါ ခေါ်ယူဖို့ စဉ်းစားနေတာလို့ ဆိုပါတယ်။

စဉ်းစားထားတဲ့နိုင်ငံတွေထဲမှာ အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့ ပါဝင်ကြောင်း စင်ကာပူ အခြေစိုက် ချန်နယ်နယူးစ်အေးရှားက သတင်းမှာ ဖော်ပြပါတယ်။

"များပြားလာတဲ့ လုံခြုံရေးဝန်ဆောင်မှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ နိုင်ငံခြားသားတွေကို ကျနော်တို့ရဲ့ အရန်ရဲတပ်ဖွဲ့က ခေါ်ယူခန့်အပ်ခွင့်ပြုဖို့လိုပါတယ်"လို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ကြောင်းလည်း စင်ကာပူ တူဒေးသတင်းစာမှာ ရေးသားဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်တည်းက စတင်ခဲ့တဲ့ ထိုင်ဝမ်နိုင်ငံသားတွေကို အရန်ရဲတပ်ဖွဲ့မှာ ခန့်အပ်မှုကို ဆက်လက် ဆောင်ရွက်နေခြင်းရှိမရှိ အတိုက်အခံ အလုပ်သမားပါတီရဲ့ ခေါင်းဆောင် လွှတ်တော်အမတ် ဆေလ်ဗီယာလင်မ်က လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့တာပါ။ 

ဒီမေးခွန်းနဲ့ပတ်သက်ပြီး မစ္စတာ ရှန်မူဂန်က "နိုင်ငံသားတွေ ဝင်ရောက်တာဝန်ထမ်းလိုမှု လျော့ကျလာတာ၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့လိုအပ်တာနဲ့ နိုင်ငံသားတွေအတွက် တခြားရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်းတွေရှိနေတာတွေကြောင့် စင်ကာပူ အရန်ရဲတပ်ဖွဲ့ဟာ ဝန်ထမ်းသစ်ခေါ်ယူရာမှာ လုံလောက်မှုမရှိဘူး"လို့ လွှတ်တော်မှာ ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်က ဝန်ထမ်းသစ်ဝင်ရောက်မှု ကျဆင်းလာနေပေမဲ့ အလုပ်လုပ်ရာမှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေရှိခဲ့တဲ့ ထိုင်ဝမ်သားတွေကို အရန်ရဲတပ်ဖွဲ့မှာ ဆက်လက်ခန့်ထားမယ်လို့  ဆိုပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာအထိ စာရင်းအရ အရန်ရဲတပ်ဖွဲ့ရဲ့ ၆၈ ရာခိုင်နှုန်းဟာ စင်ကာပူနိုင်ငံသားတွေဖြစ်ပြီး ကျန် ၃၂ ရာခိုင်နှုန်းကတော့ မလေးရှားနဲ့ ထိုင်ဝမ်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ထိုင်ဝမ်နိုင်ငံသားတွေ ဝင်ရောက်မှု ကျဆင်းလာတာဟာလည်း ပြည်သူလူထုနဲ့ ထိတွေ့ ဆက်ဆံရတဲ့လုံခြုံရေးလုပ်ငန်းမှာ လိုအပ်ချက်တွေများလာသလို ထိုင်ဝမ်သားတွေအတွက်လည်း တခြားအလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံသားမဟုတ်သူတွေကို လက်နက်ပေးကိုင်ရာမှာရှိလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း "နိုင်ငံခြားသား အရန်ရဲတပ်ဖွဲ့ဝင်တွေက လက်နက်အလွဲသုံးစားပြုမှုဟာ အလွန်ရှားပါတယ်။ စင်ကာပူနိုင်ငံသား အရန်ရဲတပ်ဖွဲ့ဝင်တွေ လက်နက်အလွဲသုံးစားလုပ်တဲ့ နှုန်းထက်မပိုပါဘူး"လို့ ဝန်ကြီးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံခြားသား အရန်ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးဆိုင်ရာ စစ်ဆေးမှု၊ လေ့ကျင့်မှုနဲ့ ကြီးကြပ်မှုတွေဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"စင်ကာပူနိုင်ငံသားမဟုတ်တဲ့ အရန်ရဲတပ်ဖွဲ့ဝင်တွေကို ခန့်အပ်ရာမှာ ကျနော်တို့ သတိကြီးကြီးနဲ့ ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ဆောင်ရွက်ပါတယ်"လို့ ပြည်ထဲရေးဝန်ကြီးက ပြောတဲ့ အကြောင်း စင်ကာပူ သတင်းတွေမှာ ဖော်ပြပါတယ်။

Source: CNA/ Today /Telegraphindia

Photo Credit- Singapore Police Force

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013